Home သတင်း သရက်ချောင်း စစ်ရှောင်များ ရိက္ခာလိုအပ်ချက် ကြီးမားနေ

သရက်ချောင်း စစ်ရှောင်များ ရိက္ခာလိုအပ်ချက် ကြီးမားနေ

704
Photo: နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေး

ဖေဖော်ဝါရီ ၁၀ရက်၊ ၂၀၂၅။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာလိုအပ်ချက် ကြီးမားနေသည်ဟု မြေပြင်အနီးကပ်ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ နောက်ဆုံးပတ်မှစ၍ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဒေသခံအိမ်များကို မိးရှို့ ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။ ထို့ကြောင့် ရောင်းမော်ရွာ၊ ကင်းရှေ့ရွာ၊ စော်ဖျားရွာ၊ ဆေးဖြတ်ကုန်းရွာနှင့် မိုးရွှေကုန်း ရွာမှ ဒေသခံများအနေဖြင့် ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု ကူညီနေသူ တစ်ဦးက ယခုလို ပြောသည်။

“စစ်ကြောင်းကထိုးလာတော့ ဘာမှမပါဘဲထွက်ပြေးလာရတဲ့သူတွေများတယ်။ တချို့တွေကျတော့ နီးစပ်ရာ ဘုန်းကြီး ကျောင်းကနေ တဆင့်ပြန်ရတဲ့ စားသောက်စရာတွေနဲ့ နေထိုင်ရတယ်။ စစ်ကြောင်းကရွာထဲမှာ ရှိသေး တော့ ဒေသခံတွေလည်း ပြန်မရဲကြဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် ရာဘာခြံ၊ ဥယျာဉ်ခြံမြေများအတွင်း နေထိုင်နေကြရသော စစ်ရှောင်များသည် အလှူခံများထံမှ ရသည့် ရိက္ခာနည်းလာသလို ရက်ကြာလာ၍ ခက်ခဲလာသည်ဟု စစ်ရှောင်များကို အနီးကပ်ကူညီနေသူ တခြားတစ်ဦးက ပြောသည်။

အဆိုပါဒေသတွင် စစ်ဘေးရှောင်ဦးရေ ၁,၀၀၀ ကျော်ရှိသည်ဟု စစ်ရှောင်ကူညီနေသူများက ပြောသည်။