ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
သထုံနှင့်မူတြော်(ဖာပွန်)ခရိုင်အတွင်း ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပနေသည့် နေရာများသို့ ဒီဇင်ဘာလ (၃၀)ရက် ယမန်နေ့တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပေါ် ပြင်း ထန်စွာကန့် ကွက်ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူဗဟိုက ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။
သထုံခရိုင် ယိုကလား(ကြသောင်းဆိပ်)ရွာတွင် ကျင်းပသည့် ခရိုင်အဆင့် နှစ်သစ်ကူးနေ့ပွဲအခမ်း အနားပြုလုပ်ရာသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပွဲတက်ရောက်သည့် KNU ဒု-ဥက္ကဋ္ဌ ပဒိုစောဆဲဂေနှင့်အဖွဲ့ပွဲမှ ပြန်လာစဥ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“အမှန်ကအဲဒီမှာ ခရိုင်အဆင့်ပွဲလုပ်တာ။ နှစ်သစ်ကူးနေ့မတိုင်ခင် တစ်ညလုံး၊ နောက်နေ့တစ်မနက်လုံး လေယာဥ်လာဝဲလို့ သူများတွေ ပွဲသိပ်လာမရဲဘူး။ လူသိပ်မလာလို့ စောစောသိမ်းလိုက်တာ အခမ်း အနားပြီးတာနဲ့ဒုဥက္ကဋ္ဌအဖွဲ့လည်း ချက်ချင်းပြန်ထွက်လိုက်တာ။ သူတို့ပြန် လာတာတွေ့လို့ လားမသိ၊ ပြန်တဲ့လမ်းကားရဲ့အရှေ့မှာကို ဗုံးကျတာ ၃ လုံးလောက်။ ကံကောင်းလို့ပေါ့” ဟု ယိုကုလားရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်နှင့် ဒေသတွင်းသတင်းအရင်းအမြစ်များအရ ဒီဇင်ဘာလ (၃၀)ရက်နေ့တစ်ရက်တည်းမှာပင် ဖာပွန်ခရိုင်၊ နိုဖောထီးကျေးရွာရှိ နှစ်သစ်ကူး အခမ်းအနားကျင်းပရာသို့လည်း စစ်တပ်ကလေကြောင်းကြဲချတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များသည် ခေတ်အစိုးရအဆက်ဆက်က အသိအမှတ်ပြုထားသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား ရည်ရွယ်ချက်ဖြင့် စော်ကားလိုက်ခြင်းဖြစ်သလို ပွဲတော် အားသွေးစွန်းညစ်နွမ်းစေရန် ကြံစည်သောကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဆိုသည်။

ထို့အတူ စစ်ကောင်စီဥက္ကဋ္ဌက ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာပို့ရာ၌ ယဥ်ကျေး မှုထိန်းသိမ်းရန်တိုက်တွန်းသည်ဟု ပြောဆိုသော်လည်း ၎င်းဆိုလိုသော တည်ငြိမ်အေးချမ်းရေးမှာ စစ်ဘောင်အတွင်း ထားရာနေ စေရာသွားသည့် အဓိပ္ပါယ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိစစ်ကောင်စီအနေဖြင့် အရပ်သားအစိုးရထိန်းချုပ်မှုအောက်မှ နိုင်ငံရေးတွင် ပါဝင်ပတ် သက်မှုမရှိဘဲ ပြည်သူလူထုကိုအကာအကွယ်ပေးသောစစ်တပ်အဖြစ် အသွင်ပြောင်းလဲရ မည်ဖြစ်ပြီး တာဝန်ယူတာဝန်ခံမှုရှိစွာ တရားမျှတမှုစနစ်အကောင်အထည်ပေါ်ရေး လက်ခံဆွေးနွေးကြရန် လိုအပ်ကြောင်း ကေအဲန်ယူက ထောက်ပြသည်။
ပြည်သူ့ဘက်တော်သား စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု၏ စစ်ရေးလုပ်ငန်းစဥ်များကို ဖော်ဆောင်ရာ၌ပါဝင်နိုင်ရန် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ် ထူထောင်ရန်ကြိုးပမ်းနေကြသည့် တော်လှန်ရေးအဖွဲ့အစည်းများသို့ ပူးပေါင်းကြရန် ကေအဲန်ယူက ဖိတ်ခေါ်ထားသည်။
ထို့အတူ ယခုလို ကရင်အမျိုးသားနှစ်သစ်ကူးနေ့ လူစုလူဝေးဖြင့်ပြုလုပ်ရသည့် ပွဲအခမ်း အနား ကျင်းပရာနေရာသို့ စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုမှာ လူသားမျိုး နွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်စေသည့် ပြစ်မှုဖြစ်သည်ဟုလည်း ကေအဲန်ယူက ၎င်းထုတ်ပြန်ချက်တွင် ဆိုသည်။
ယခင်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကရင်ပြည်နယ်သာမက ကရင်လူမျိုးများစုဝေးနေထိုင်ရာ အရပ်ဒေသများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိသော်လည်း စစ်အာဏာ သိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခနှင့်တိုက်ခိုက်မှုများကြောင့် KNU နယ်မြေများအတွင်း လူစုလူဝေးပွဲဖြင့်ပွဲကျင်းပခြင်းကို သတိထားရှောင်ကြဥ်ရသည်အထိ ဖြစ်ပေါ်လာနေသည်။



















