ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်တွင် ပြုုလုပ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်မှ ပြန်လာသော လူငယ် အမျိုးသားတစ်ဦး ဒီဇင်ဘာလ(၃၀)ရက်နေ့ ညနေပိုင်းက ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ရွာဘက်တွင် စစ်ကောင် စီတပ်က ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း ဒေသတွင်းနှင့်တော်လှန်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။
ယမန်နေ့ ညနေ (၆)နာရီခွဲကျော်အချိန်က ရွှေကုက္ကိုယ်မြိုင် ကရင်နှစ်သစ်ကူးပွဲအခမ်းအနားတွင် လက်ဝှေ့ထိုးပြီး ဆိုင်ကယ်ဖြင့်ပြန်လာသည့် အမျိုးသားတစ်ဦးနှင့် ၎င်းအဖော်အမျိုးသမီးတို့မှာ ရန်ကုတ်လမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သဖြင့် အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဆိုသည်။
“အဲဒီလမ်းက ကျနော်တို့ တော်လှန်ရေးရဲဘော်တချို့သွားတာရှိတယ်။ စစ်တပ်ကလည်း ကင်းပုန်း ခဏခဏလာချတယ်။ မနေ့က အတွဲနှစ်ယောက်ပြန်လာတာ။ သူတို့ဆိုင်ကယ်က အဲဒီ စစ်တပ် ကင်းပုန်းဝပ်တဲ့နေရာရောက်တော့ ပစ်ခံထိတာပဲ။ ကျနော်တို့မှာ ဆိုင်ကယ်နဲ့ အလောင်းပြန်ထုတ်ပေးဖို့တောင် အချိန်တော်တော်ယူရတယ်” ဟု ထိုဖြစ်စဥ်ကိုသိရှိသူ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အသက် (၂၀)ဝန်းကျင်အရွယ်ရှိ စောထက်လင်းဆိုသူ လူငယ်အမျိုးသားမှာ ကင်းပုန်းလာဝပ်နေသည့် စစ်ကောင်စီ တပ်များက ဆိုင်ကယ်ရပ်ခိုင်းသည်ကို မရပ်တန့်ဘဲ အရှိန်ဖြင့်မောင်းပြေးမိသဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဦးခေါင်း သေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်တို့မှ သိရသည်။
ယခုဖြစ်ပွားသော ကော့ကရိတ်မြို့မြောက်ပိုင်းရှိ ရန်ကုတ်၊ မိချောင်းအိုင် နေရာများသည် စစ်ကောင်စီ၏ အောင် ဇေယျ စစ်ကြောင်းမှတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ပွဲအပြန်အလှန်ဖြစ်ပွားပြီး ဒရုန်းနှင့်လက်နက်ကြီးတိုက်ခိုက်မှု အများအပြားရှိနေသည့် အတွက် အရပ်သားအသွားအလာနည်းပါးသည့် နေရာများလည်းဖြစ်သည်။
တော်လှန်ရေးတပ်ဘက်ကလည်း ကော့ကရိတ်မြို့တွင်း ပြန်လည်ဝင်ရောက်စိုးမိုးနိုင်ရန် စစ်တပ်စခန်းများသို့ အရှိန်မြှင့်တိုက်ခိုက်နေစဥ်တွင် စစ်ကောင်စီက ကော့ကရိတ်မှကျုံဒိုးလမ်းပိုင်းတစ်လျှောက်ရှိ ရွာချင်း ဆက်လမ်းများတွင် ကင်းပုန်းများပိုမိုချထားကာ စစ်ဆေးမှုများ လုပ်ဆောင်နေသောကြောင့် ဒေသခံများ သတိထားသွားလာရန် တော်လှန်ရေးအဖွဲ့ဘက်က သတိပေးမှုများရှိသည်။



















