Home သတင်း မြန်မာအပါအဝင် တရားမဝင်ရာဇဝတ်လုပ်ငန်းလုပ်ကိုင်သူ နိုင်ငံခြားသား(၂၄)ဦး မဲဆောက်အာဏာပိုင်များ ဖမ်းမိ

မြန်မာအပါအဝင် တရားမဝင်ရာဇဝတ်လုပ်ငန်းလုပ်ကိုင်သူ နိုင်ငံခြားသား(၂၄)ဦး မဲဆောက်အာဏာပိုင်များ ဖမ်းမိ

42
Photo: Thai News

အောက်တိုဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်အဖွဲ့စုံမှ သံသဃရှိနေရာများသို့ ယနေ့၊ အောက်တိုဘာ(၁၇)ရက်နေ့ တစ်ရက်အတွင်း ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ရာ လက်နက်နှင့် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ၊ ငွေလိမ်လည်(ကျားဖြန့်)လုပ်ငန်းနှင့်ပတ်သက်သူ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသား (၂၄) ဦးကို ဖမ်းမိထားကြောင်း သိရသည်။

အဆိုပါ ရှောင်တခင်စစ်ဆေးမှုကို အာဏာပိုင်များက သံသဃရှိကြောင်း သတင်းရရှိထားသည့် နေရာများသို့ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းလောင်းကစားမှုကျုးလွန်သူ (၅) ဦး၊ လက်နက်လက်ဝယ်ထားရှိသူ (၂) ဦးနှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖြင့်တွေ့ရှိသူ(၁) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား(၈)ဦးကို ဖမ်းဆီးခဲ့သည်ဟု မဲဆောက်ရဲတပ်ဖွဲ့က တရားဝင်ကြေညာချက်ထုတ်သည်။

ထို့အပြင် ကျားဖြန့်နှင့်ဆက်စပ်ပြီးသံသဃရှိသူ တရုတ်နိုင်ငံသား(၈) ဦး၊ ပါကစ္စတန်နိုင်ငံသား(၅)ဦး၊ အိန္ဒိယနိုင်ငံသား(၁) ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁) ဦးနှင့် ဟောင်ကောင်နိုင်ငံသား(၁) ဦး၊ စုစုပေါင်း (၁၆) ဦးကိုလည်း မဲဆောက် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မော်တော်ယာဉ် စစ်ဆေးရေးဂိတ်တို့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

“နေ့လည်ပိုင်းက ရဲစခန်းမှာသတင်းထုတ်ပြန်သွားတာ။ မြင်းဆေးရော သေနတ်ရော မိတဲ့အပြင် တရုတ်ကျားဖြန့် သံသဃနဲ့ နိုင်ငံခြားသားက (၁၆) ယောက် မိတယ်” ဟု မဲဆောက်ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့မနက်ပိုင်း ရှောင်တခင်စစ်ဆေးမှုတွင်ပါဝင်သည့် မဲဆောက်မြို့၊ ထုံထောင်းရပ်ကွက်အတွင်း အထောက်အထားမဲ့နေထိုင်သူ ရွှေ့ပြောင်းမြန်မာနိုင်ငံသား(၂၀၀)ဝန်းကျင်အနက် ကလေးနှင့် သက်ကြီးရွယ်အိုများကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်ရှိ (၈၅) ဦးကိုမူ ယခုသတင်းရေးသားနေချိန်အထိ ဆက်လက်ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။

Photo: Thai News

ဖော်ပြပါ ရဲတပ်ဖွဲ့နှင့်နီးစပ်သူ မြန်မာနိုင်ငံသားက “ထုံထောင်းရပ်ကွက်ကလူတွေကတော့ အသက်ကြီးတဲ့သူနဲ့ ကလေးတွေ၊ ကလေးအမေတွေကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်တဲ့ (၈၅)ယောက်ကို လဝက (မဲဆောက်လူဝင်မှုကြီးကြပ်ရေး)က စစ်ချက်ယူမယ်လို့ ပြောတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထိုင်းအာဏာပိုင်အဖွဲ့စုံသည် အဆိုပါစစ်ဆေးမှုကို မဲဆောက်၊ ဖုတ်ဖရနှင့် မယ်လမတ်မြို့နယ်ဘက်ရှိ ကျေးရွာ၊ ရပ်ကွက်နှင့် လမ်းမကြီးပေါ်ရှိစစ်ဆေးရေးဂိတ်များတွင် တစ်ပြိုင်နက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုအထဲတွင် မယ်လမတ်၊ အမှတ်(၃)ရပ်ကွက်၊ ဝှေ့မခမ်းကျေးရွာတွင်နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦး နေအိမ်မှလည်း စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူများဖြန့်ဖြူးရောင်းချမှုရရှိကြောင်း ယူဆသည့်ငွေများကို စစ်ဆေးသိမ်းဆည်းခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ဆိုသည်။

ယခုရက်ပိုင်းတွင် တာခ်ခရိုင်အတွင်းရှိ ဒုစရိုက်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ကျားဖြန့်၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် အထောက်အထားမဲ့ နေထိုင်မှုများကို အာဏာပိုင်များက ဆက်လက်စစ်ဆေးနိုင်ဖွယ်ရာရှိကြောင်းလည်း ၎င်းတို့နှင့်နီးစပ်ရာအသိုင်းအဝိုင်းမှ သတင်းထွက်ပေါ်လျက်ရှိသည်။

Photo: Thai News