အောက်တိုဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)၊ မူတြော်ခရိုင်ထိန်းချုပ်နယ်မြေ၊ ဖာပွန်မြို့ပေါ်သို့ ယမန်နေ့ အောက်တိုဘာ(၁၆)ရက် ညပိုင်းအချိန်တွင် စစ်အုပ်စု လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ ဒေသခံအမျိုးသား(၁)ဦး သေဆုံးသွားကြောင်း တပ်မဟာ(၅) ကေအဲန်ယူထံမှ သိရသည်။
ယမန်နေ့ ည(၁၁)နာရီဝန်းကျင်အချိန်တွင် ဖာပွန်မြို့ပေါ် ရပ်ကွက်အမှတ် (၃) သို့ စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခဲ့၍ အသက်(၄၇)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ၎င်းအပြင် နေအိမ်နှင့်စာကြည့်တိုက် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထို့ရော်ဘင်က ပြောသည်။
“ဒေသခံနောက်တစ်ယောက် သေပြန်ပြီ ဘာအပြစ်မှမရှိဘဲနဲ့။ နေအိမ် တစ်လုံးပျက်စီးတယ်၊ သုံးလို့မရတော့ဘူး ပြီးတော့ စာကြည့်တိုက်တစ်လုံးလည်း ပျက်စီးတယ်။ ဗုံးသီးကျတဲ့နေရာ အကျယ်အနက်ကတော့ ပေါင် ၅၀၀ ထက် ကျယ်တယ် ဒါပေမဲ့အတည်မပြုနိုင်သေးဘူး” ဟု ကေအဲန်ယူ ပြောခွင့်ရသူက ဆိုသည်။
ထို့အပြင် စစ်အုပ်စု၏ လေယာဥ်ဗုံးနှင့်ဒရုန်းဗုံးသီးချတိုက်ခိုက်မှုများတွင် အသုံးပြုသည့် ဗုံးသီးများမှာ ယခင်ကထက် အရွယ်အစားပိုမိုကြီးမားလာကြောင်းကိုလည်း ပဒိုစောထို့ရော်ဘင်က ဖြည့်စွက်ပြောဆိုသွားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ဖာပွန်မြို့ရှိစစ်အုပ်စုတပ်ရင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ပြီးကတည်းက ဖာပွန်မြို့သည် စစ်အုပ်စုအပြည့်အဝထိန်းချုပ်မှုအောက်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ မြို့အပြင်ရှိ စစ်ရေးအချက်အချာကျ ဖာပွန်ဗျူဟာစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက လက်ရှိအချိန်ထိ ဝန်းရံပိတ်ဆို့ထားသဖြင့် ယခုနှစ် မေလထဲတွင် စစ်အုပ်စုက အင်အားထောင်ချီသုံးပြီး ကမမောင်းဘက်မှ ဖာပွန်အထိ ထိုးစစ်ဆင်လျက်ရှိသည်။
သို့ရာတွင် KNLA ပူးပေါင်းတပ်၏ပိတ်ဆို့တိုက်ခိုက်မှုခံရပြီး နေ့စဥ်တိုက်ပွဲရင်ဆိုင်နေရ၍ ထင်သလောက်ခရီးမပေါက်နိုင်ဘဲ တဖက်က ကေအဲန်ယူအုပ်ချုပ်မှုနယ်မြေထဲရှိ ကျေးရွာများကို ဦးတည်ပစ်မှတ်ထား ပစ်ခတ်မှု၊ မီးရှို့မှုများလုပ်ဆောင်နေသည်ဟု တပ်မဟာ(၅) ဘက်က ဆိုသည်။


















