Home သတင်း လှိုင်းဘွဲမြို့ပေါ်နှင့် BGF လွှမ်းမိုးသည့် မြိုင်ကြီးငူဒေသရှိရွာများကို စစ်မှုထမ်းရန် ခေါ်ယူနေ

လှိုင်းဘွဲမြို့ပေါ်နှင့် BGF လွှမ်းမိုးသည့် မြိုင်ကြီးငူဒေသရှိရွာများကို စစ်မှုထမ်းရန် ခေါ်ယူနေ

915

ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ပေါ်နှင့် နယ်ခြားစောင့်တပ်-BGF လွှမ်းမိုးသည့် မြိုင်ကြီးငူဒေသရှိ ကျေးရွာများကို စစ်ကောင်စီက စစ်မှုထမ်းရန် ကျေးရွာအုပ် ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ယူကာ အမိန့်ပေးပြောဆို သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ပြန်ကြားရေးက ထုတ်ပြန်ပြောသည်။

ပြီးခဲ့သည့် စစ်မှုထမ်း အပတ်စဉ် (၇) တွင် လှိုင်းဘွဲမြို့နယ်မှ စစ်မှုထမ်းရန် လူသစ်ပို့ဆောင်ပေးခြင်းမရှိသည့် အတွက် စစ်ကောင်စီ ဗျူဟာမှူး၊ ဗိုလ်မှူးကြီးစိုးမင်းအောင်က ကျေးရွာ ၁၄ ရွာမှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူ တွေ့ဆုံကာ အမိန့်ပေး ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ ဒီဇင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်မှုထမ်း တပ်သားသစ်များ မဖြစ်မနေပို့ဆောင်ပေးရန်အတွက် လှိုင်းဘွဲမြို့ပေါ်ရပ်ကွက် (က)၊ (ဃ) အုပ်ချုပ် ရေးမှူးများ အပါအဝင် ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊ မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တခေးလို စသည့် ကျေးနယ်အုပ်ချုပ်ရေးမှူး များကိုခေါ်ယူ တွေ့ဆုံခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ကျေးရွာများသည် မြိုင်ကြီးငူ အထူးဒေသတွင်ပါဝင်ပြီး ကရင်နယ်ခြားစောင့်တပ်-BGF တပ်ရင်း (၁၀၁၁) နှင့် (၂၀၁၂) တပ်ရင်းများ လွှမ်းမိုးထားသည့် ကျေးရွာများဖြစ်သည်။ စစ်ကောင်စီက ယခုလို စစ်မှုထမ်းရန် ခေါ်ယူနေသော်လည်း စိုးရိမ်မှုမရှိဟု ကျိုပကို ရွာသားတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

“ရွာမှာတော့အဲလို ပြောတာတော့ ကြားတယ်။ ဒါပေမယ့် ခေါင်းထဲမထည့်ကြဘူး။ စစ်တပ်ထဲကို ဘယ်သူက ဝင်မလို့လဲ ဘယ်သူမှမဝင်ဘူး။ ပိုက်ဆံပဲ ပေးလိုက်မှာပေါ့။ ဒီဘက်ရွာတွေမှာတော့ အဲလောက်မကြောက်ရပါဘူး” ဟု ၎င်းက ပြောသည်။

၎င်းအပြင် ထိုဒေသအတွင်းရှိ လူငယ်အများစုသည်လည်း အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက် သူနည်းပြီး ကရင်နယ်ခြားစောင့်တပ်- BGF တပ်ထဲသို့သာ အများစု ဝင်ရောက်ကြသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီကမူ တပ်သားသစ်များကို ဒီဇင်ဘာ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ဗျူဟာရုံးသို့ သွားရောက်ပို့ဆောင် ခိုင်းသလို အမိန့်ပေးညွန်ကြားချက်အတိုင်း ပို့ပေးခြင်းမရှိပါက တစ်ဦးကို သိန်း ၃၀ ကျပ်ပေးဆောင်ရမည်ဟု ပြောဆိုထားသည်။ အဆိုပါ သတ်မှတ်ချက်များ လိုက်နာခြင်းမရှိပါက မြို့အဝင်အထွက် ဂိတ်များ၌ ပေါ်တာဆွဲ ဖမ်းဆီးသွားမည်ဟု ထပ်မံခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။