Home သတင်း ကော့ကရိတ် အာရှလမ်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေ

ကော့ကရိတ် အာရှလမ်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေ

798
Photo: Social Media

နိုဝင်ဘာ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနေရာကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်များ တောနော်ရေတံခွန်တောင်တန်းအနီးတစ်ဝိုက်ရှိ ခံစစ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ ဖြတ်တောက်တိုက်ခိုက်၍ နိုဝင်ဘာ၂၂ မှ စပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များထံမှ သိရသည်။

‌KNLA စစ်ကြောင်းတာဝန်ရှိနှင့် နီးစပ်သည့်သတင်းအရင်းအမြစ်က ” ဒီရက်ထဲမှာဆိုရင် ၂၂ ကနေ အခု ၂၅၊ ၂၆ အထိပေါ့။ သူတို့စခန်းကုန်းကာကင်းကုန်း၊ ခံစစ်ကုန်း လေးတွကို ဖြတ်တိုက်တာမှာ တော်တော် လေးထိခိုက်ကုန်တယ်။ ဆုတ်လို့လည်းမရပိတ်မိနေတာတွေရှိနေတယ်။ ခံပစ်တာလည်း ရှိသလို လက် နက်ချတာလည်းရှိတယ်။ တိုက်ပွဲကပြင်းတော့ သူထိကိုယ်ထိတော့ရှိတာပေါ့” ဟု ပြောသည်။

ယခုလို တိုက်ပွဲရက်ဆက်ပြီးပြင်းထန်နေသည့် အခြေအနေတွင် ကော့ကရိတ်မြို့ဘက်ကို စစ်ကူပို့ ဆောင်မှု၊ လက်နက်ခဲယမ်းပို့ဆောင်မှု၊ လက်နက်ကြီး၊ ဒရုန်းဖြင့်တိုက်ခိုကိမှု၊ Y12 ဗုံးကြဲ လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများအကြားမှပင် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များအနေဖြင့် ကော့ကရိတ်မြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းများအား ဆက်လက်တိုက်ခိုက်နေကြောင်း စစ်မြေပြင် တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ကော့ကရိတ်၊ ချောင်းဖျားကျေးရွာဒေသခံတစ်ဦးက ” အာရှလမ်းဘက်တိုက်နေတဲ့စစ်တပ်ကို ကျုံဒိုး ဘက်ကနေ ကော့ကရိတ်ကို စစ်ကူနဲ့ခဲယမ်းက BGF တပ်အကူအညီနဲ့ ပို့ပေးနေတယ်ဗျ၊ BGF မြလှိုင် နဲ့ မောင်ဝင်းအောင်တို့အဖွဲ့တွေက ဂျပန်ဆောက်ပေးတဲ့တံတားသစ်မှာလက်နက်ကြီးဆင်ထားတယ်။ စစ်တပ် နဲ့ အတူရှိနေတာပါပဲ၊ ကော့နွဲ၊ ကောင်းမှု၊ အောက်ဘိုတဲဘက်ကို နေ့တိုင်း မနက်/ည ပုံ မှန် လက်နက်ကြီးပစ်ထုတ်တယ်။ ကင်းထောက် လေယာဉ်ကလည်းနေ့တိုင်းပတ်တယ် ” ဟု ပြောသည်။

ထိုသို့တိုက်ပွဲပြင်းထန်နေသည့်အခြေအနေအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများနေပြီး လက်နက်ခဲယမ်းနှင့် စစ်စခန်းကုန်းငယ်များ လက်လွတ်ဆုံးရှုံးပြီး ခံတိုက်နေသည့် စစ်သည်အချို့ ပိတ်ဆို့ ချေမှုန်းတိုက်ခိုက်ခံနေရကြောင်း၊ စစ်ကောင်စီတပ်ဘက်က အသေခံဒရုန်းများ ပိုမိုအသုံးပြု တိုက်ခိုက်မှုရှိနေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်ဘက်က ပြောသည်။

လတ်တလောတွင် မြဝတီမြို့ဘက် ခြေလျင်တပ်ရင်း-ခလရ ၂၇၅ တပ်ဘက်တွင် ခံစစ်ပြင်ဆင်မှုများ၊ စစ်တပ်အနီးနေထိုင်သူများအား နေရာရွှေ့ပြောင်းခိုင်းခြင်းများ BGF တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဘက်က စီစဉ်မှုများကြောင့် ဒေသခံအချို့နှင့် ဘုန်းကြီးကျောင်းအချို့မှ သံဃာတော်များ မြို့တွင်းသို့ နေရာရွှေ့ပြောင်းမှုရှိနေကြောင်း မြဝတီမြို့ခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

စစ်မြေပြင်အတွင်း BGF အဖွဲ့က စစ်ကောင်စီတပ်များအား စစ်ရေးအကူအညီပေးနေသည်ဟု ပြောဆိုချက်နှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနက BGF တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရာတွင် မဟုတ်မမှန်ကြောင်းသာ အကြိမ်ကြိမ်ပြောဆိုထားသည်။