Home သတင်း ၇ လကြာ ပိတ်ဆို့သိမ်းပိုက်ခဲ့ရသည့် စစ်ကောင်စီ၏ စွယ်တော်ကုန်းစခန်းမှ လက်နက်ခဲယမ်းများစွာ ရရှိ

၇ လကြာ ပိတ်ဆို့သိမ်းပိုက်ခဲ့ရသည့် စစ်ကောင်စီ၏ စွယ်တော်ကုန်းစခန်းမှ လက်နက်ခဲယမ်းများစွာ ရရှိ

860
Photo: KNLA

အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

၇ လကြာ ပိတ်ဆို့ သိမ်းပိုက်ခံရသည့် မြဝတီတောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီး စွယ်တော်ကုန်း နယ်စပ်ခြေကုပ်အမြောက်စခန်းမှ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိကြောင်း ကေအဲန်ယူက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ် မြို့နယ်ရှိ စစ်ကောင်စီတပ်၏ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားသော စွယ်တော်ကုန်း နယ်စပ်ခြေကုပ်အမြောက်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့ နံနက် (၄း၃၀) အချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းများအပြင် စစ်ကောင်စီတပ်များထံမှ (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နှင့် လက်နက်ငယ်များအပါအဝင် ခဲယမ်းအမြောက်အများ ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

Photo: KNLA

ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိပြီး နယ်မြေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားသော ထိုတပ်စခန်းသည် လေကေ့ကော် မြို့သစ်သို့ ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးသည့် အချိန်မှစပြီး မြဝတီနှင့် ဖလူးဒေသတစ်လျှောက် လက်နက်ကြီးများနှင့် ပစ်ခတ်ကာ ပြည်သူလူထုအား အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော တပ်စခန်း တစ်ခုလည်းဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။

စွယ်တော်ကုန်း နယ်စပ်ခြေကုပ်အမြောက်စခန်းသည် ၂၀၀၃ ခုနှစ်မှစတင်ကာ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်းအဖြစ် စတင်တပ်စွဲခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်များမှ တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်မှ အာဏာသိမ်းသည့် အချိန်မှစပြီး တပ်မ (၂၂) တပ်မ (၄၄) နှင့် ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲခဲ့သော တပ်စခန်းတစ်ခု ဖြစ်သည်။