Home သတင်း လိပ်သိုအရှေ့ဒေသ ဂေဘားတပ်မတော်သင်တန်းဆင်းများအား တာဝန်ထမ်းဆောင်ရန် ပြန်ခေါ်သော်လည်း သွားသူမရှိ

လိပ်သိုအရှေ့ဒေသ ဂေဘားတပ်မတော်သင်တန်းဆင်းများအား တာဝန်ထမ်းဆောင်ရန် ပြန်ခေါ်သော်လည်း သွားသူမရှိ

592
Photo: SAC

ဇွန်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဂေဘားတပ်မတော်တည်ထောင်ရန်ဟုဆိုကာ စစ်ကောင်စီကပေးသော စစ်သင်တန်း ပြန်ဆင်းလာပြီးနောက် ကရင်ပြည်နယ်၊ လိပ်သိုအရှေ့ခြမ်းရှိ မိမိတို့ရပ်ရွာများတွင် ပြန်လည်နေထိုင်သူ ဒေသခံများအား တာဝန်ထမ်းဆောင်ရန် စစ်တပ်လက်အောက်ခံများက ပြန်လည်ခေါ်ယူသော်လည်း သွားသူမရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းမှစ၍ စစ်ကောင်စီသည် ပြည်သူ့စစ်အဖွဲ့ဝင်နှင့်ဒေသခံအချို့၏ ခေါင်းဆောင်မှုဖြင့် ဂေဘားကရင်မျိုးနွယ်အများအပြားရှိသည့် လိပ်သိုဒေသအပြင် ရေတာ ရှည်မြို့နယ်အတွင်း မက်လုံးပေးစည်းရုံးရေး ဆင်းခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်း စစ်သင်တန်းပေးနေခြင်းဖြစ်သည်။

စစ်သင်တန်း အပတ်စဥ်(၁) ပြီးနောက် မိမိတို့နေအိမ်များတွင် ပြန်နေထိုင်သည့် လိပ်သိုအရှေ့ခြမ်းနေ ဒေသခံ (၅၀)ဦးခန့်ရှိနေပြီး ၎င်းတို့အား စစ်ကောင်စီလက်အောက်ခံများက တာဝန်ထမ်းဆောင်ရန် ဆက်သွယ်ခေါ်ယူခဲ့သော်လည်း သွားသူမရှိဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ရွာဘေးမှာတင် ပထမအပတ်စဥ်သွားတက်တဲ့သူ အယောက် ၅၀ လောက်ရှိတယ်။ အခုထိလည်း သူတို့အိမ်တွေမှာပဲ သူတို့ခေါင်းဆောင်တွေကခေါ်တယ်၊ မပြန်တော့တာ။ အိမ်တိုင်ရာရောက်တော့ သူတို့လာမခေါ်ရဲဘူးလေ၊ ပထမအပတ်စဥ်ကတည်းက သူများ(KNU)က သိသွားတော့ နောက်ပိုင်း ကျနော်တို့ဘက်ကလူငယ်တွေထဲမှာ သွားတက်သူမရှိတော့ဘူး။” ဟု အဆိုပါ အမျိုးသားက ပြောသည်။

သို့သော် ပထမအပတ်စဥ်မှာတင် သင်တန်းဆင်းလာသူ (၃၀၀)ဝန်းကျင်ရှိသည့်အနက် အချို့မှာ တောင်ငူ-သံတောင်-လိပ်သို-ယာဒို လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်းများတွင် တာဝန်ချထားပေးခြင်းခံရပြီး ရှေ့တန်းသို့စေလွှတ်ခံရသူအချို့လည်း ရှိနေသည်ဟု နယ်မြေ တွင်းတော်လှန်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ(၂၀)ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူလေတပ်စခန်း ဌာနချုပ်နေရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက် တက်ရောက်ခဲ့သော ဌာနေပြည်သူ့စစ်များအား လက်နက်တပ်ဆင်ပေးသည့်အခမ်းအနားအတွင်း အဆိုပါ ဂေဘားတပ်မတော်သင်တန်းဆင်းများ ပါဝင်ကြောင်းလည်း သံတောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တောင်ငူခရိုင် တပ်မဟာ(၂) ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဘက်က လည်း အဆိုပါလူစုဆောင်းမှုများနှင့်ပတ်သက်၍ ဦးဆောင်ပြုလုပ်သူနှင့်KNU အုပ်ချုပ်ရေးနှောင့်ယှက်ဖျက်ဆီးသူများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ(၇)ရက်နေ့ရက်စွဲဖြင့် သတိပေး ထုတ်ပြန်ထားသည်။

အလားတူ လူစုဆောင်းစည်းရုံးရေး ဦးဆောင်သူများအနေဖြင့် KNU တာဝန်ရှိသူများနှင့် လာရောက်တွေ့ ဆုံရန် ပြောဆိုမှုရှိထားသလို သင်တန်းသွားတက်ပြီး ပြန်လာသည့် လိပ်သိုဒေသရှိ ဒေသခံများအားလည်း ခံဝန်ထိုးစေ၍ သတိပေးခဲ့ကြောင်း KNU တပ်မဟာ(၂) နှင့် ဒေသခံများကပြောသည်။