Home သတင်း စစ်ကောင်စီ ရဲစခန်းကုန်း ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန် တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့

စစ်ကောင်စီ ရဲစခန်းကုန်း ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန် တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့

610
Photo: CJ

ဇွန်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာရှိ စစ်ကောင်စီ ရဲစခန်းကုန်း ကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်းတိုက်ခိုက်ချိန် နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦး ကျ ဆုံးခဲ့ကြောင်း ကော့သောင်းခရိုင်အခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၂၂)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်အချိန်တွင် မာရမ်းကျေးရွာရှိ အင်အားအနည်းစုသာရှိသည်ဟု သတင်းရရှိထားသော စစ်ကောင်စီရဲစခန်းကုန်းကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာတွင် မထင်မှတ်ထားသည့် အင်အားဖြည့်တင်းထားမှုကြောင့် နှစ်ဖက်တိုက်ပွဲချိန် ကြာမြင့်ခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရကြောင်း (ပကဖ)တပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“တိုက်ပွဲဖြစ်တာက ပြီးခဲ့တဲ့ရက်ကပေါ့။ စခန်းကုန်းမှာ စစ်တပ်ကအင်အား နည်းတယ်လို့ သတင်းရထားတော့ သွားရောက်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာ။ ဒါပေမဲ့ စစ်တပ်က အင်အားပြန်လည် ဖြည့်တင်းထားတာတွေကို လုပ်ဆောင်ထားတော့ မထင်မှတ်ဘဲ တိုက်ပွဲတွေ မိနစ်လေးဆယ်ကြာအောင် ဖြစ်ပွားခဲ့တယ်။” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ မာရမ်းကျေးရွာ ရဲစခန်းကုန်းတွင် ယခင်က တပ်စွဲထားသည့် စစ်ကောင်စီတပ်သား (၁၀) ဦးဝန်းကျင် သာရှိသော်လည်း သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သား (၃၀) ဦးဝန်းကျင်အထိ ရှိနေပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန်တွင် စစ်ကောင်စီဘက်မှ (၂) ဦး ပြင်းထန်ဒဏ်ရာ ရရှိကာ တော်လှန်ရေးတပ်ဖွဲ့ ဝင်များဘက်မှ (၁) ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင်လည်း အဆိုပါစခန်းကုန်း အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ အင်အားဖြည့်တင်းမှု များ လုပ်ဆောင်နေလျက်ရှိပြီး မာရမ်းဒေသသည် စစ်ကောင်စီ တပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား မကြာ ခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

မာရမ်းရွာရဲစခန်းကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ယခင် ဝိုင်ဒင်းကျေးရွာမှ တပ်စွဲ နေရာမှတစ်ဆင့် တပ်ဆုတ်ထားသည့်တပ်ဖွဲ့ဝင်များဖြစ်ကြောင်းလည်း မြေပြင် တော်လှန်ရေးရဲဘော်များ၏ ပြောဆိုချက်များအရ သိရသည်။

အဆိုပါ ဝိုင်းဒင်ကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ပထမအပတ်အတွင်း အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၀) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ နှင့် ကော့သောင်း(ပကဖ)၊ ဘုတ်ပြင်း(ပကဖ)၊ (KTLA) တို့ ပါဝင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သေးကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ဝိုင်ဒင်းကျေးရွာဘက်သို့ လက်နက်ကြီးများနှင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ်(၆)လုံးနှင့် ဥယျာဥ်ခြံတစ်ခြံ မီးလောင်ပျက်စီးခဲ့ကြောင်းလည်း သက်ဆိုင်ရာတော်လှန်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန် ထားချက်များအရ သိရသည်။