Home သတင်း ကော့ကရိတ်-မြဝတီ လမ်းဟောင်းပေါ် ကုန်တင်မော်တော်ယာဥ်ကြီးများ ကုန်သယ်ဖြတ်သန်းခ ၁၀ သိန်းကျော်အထိ ပေးဆောင်နေရ

ကော့ကရိတ်-မြဝတီ လမ်းဟောင်းပေါ် ကုန်တင်မော်တော်ယာဥ်ကြီးများ ကုန်သယ်ဖြတ်သန်းခ ၁၀ သိန်းကျော်အထိ ပေးဆောင်နေရ

846
Photo: CJ

ဇွန်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အာရှလမ်းမကြီးပိတ်ထားသဖြင့် ကော့ကရိတ်-မြဝတီလမ်းဟောင်း သုံး၍ သွားလာနေရသော ကုန် တင်ယာဥ်ကြီးများမှာ လမ်းဟောင်းပေါ်ရှိ လက်နက်ကိုင်ဂိတ်များသို့ ကုန်သယ်ဖြတ်သန်းခ မြန်မာကျပ်ငွေ ၁၀ သိန်းကျော်အထိ ပေးဆောင်သွားလာနေရကြောင်း မော်တော်ယာဥ်မောင်းနှင်သူများ ထံမှ သိရသည်။

ခြောက်ဘီး နှင့်အထက် ကုန်တင်မော်တော်ယာဥ်များမှာ မြဝတီသို့ အသွား ဒေါနတောင်ကြောပေါ်ရှိ အလယ်ဘိုတဲဂိတ်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ကုန်တင်ခအဖြစ် ၄ သိန်းမှ ၁၂ သိန်းအထိ ပေးဆောင်ရပြီး မြဝတီမှအပြန် ဝှေ့ရှမ်းဂိတ်တွင်လည်း အလားတူ ပေးဆောင်မှသာ သွားလာခွင့်ရကြောင်း ဖားအံမှမြဝတီသို့ ကုန်သွယ်နေသည့် မော်တော်ယာဥ်မောင်း တစ်ဦးကပြောသည်။

၎င်းက “သူတို့သတ်မှတ်ထားတာရှိတယ်လေ၊ ကုန်တင်ကားသေးတွေအတွက်က ၁ သိန်း ၂သောင်း၊ ကားကြီးတွေအတွက် ၄ သိန်းကနေ ၁၂ သိန်းအထိ ပိုက်ဆံတောင်းတယ်။ သူတို့ကိုပေးရတဲ့ ကားတစ်စီးရဲ့ကုန်တင်ကြေးပေါ့။ PDF နဲ့ KNU တပ်တွေ ပေါင်းတောင်းတာ။” ဟု ကေအိုင်စီသို့ ပြောသည်။

လမ်းဟောင်းပေါ်ရှိ အဆိုပါဂိတ်များတွင် ယခင်က စစ်ကောင်စီအပါအဝင် ကရင်လက်နက်ကိုင်တပ်များ ဂိတ်ထိုင်ထားခဲ့ရာ ယခု လမ်းသွားလာခွင့်ပြန်ပေးပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ က အဓိက ဂိတ်ထိုင်ကြသော်လည်း ဂိတ်ကြေးအများအပြား ကောက်ခံခိုင်းထားခြင်းမရှိကြောင်း KNU နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောဆိုသည်။

ကုန်သွယ်အာရှလမ်းမကြီးပိတ်ထားခြင်း၊ တောလမ်းအချို့ ပျက်စီးမှုများပြားခြင်းကြောင့် မော်တော်ယာဥ်များမှာ လမ်းဟောင်းနှင့်ရွာချင်းဆက်လမ်းများသုံး၍ အထက်ပါအတိုင်း ကုန်တင်ခ အများအပြားပေးသွားနေရသည့်အပြင် မြဝတီမြို့အဝင် နယ်ခြားစောင့်တပ်-BGF ဂိတ်များတွင်လည်း ဂိတ်ကြေးအနေဖြင့် ထပ်မံပေးဆောင်ရသေးသည်ဟု ဆိုသည်။

Photo: CJ

ထို့အပြင် အဆိုပါ ဝှေ့ရှမ်းနှင့်အလယ်ဘိုတဲဂိတ်များမှာ မော်တော်ယာဥ်ကြီး၊ ယာဥ်ငယ်များ ကုန်စည်မပါဘဲ ဖြတ်သန်းသွားလာသည့်တိုင် ဂိတ်ကြေးအဖြစ် မြန်မာကျပ်ငွေ ၂ သောင်းမှ ၈ သောင်းအထိ မြဝတီ အတက်ရော အဆင်းပါ ပေးရကြောင်း နောက်ထပ် ကုန်တင်ယာဥ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့ဆို ခါလီပြန်လာတာ ကုန်ဖိုးရှုံးနေပြီ မယူနဲ့တော့ပေါ့နော် အဲဒါလည်းတောင်းတာပဲ။ ကားသေး ၂ သောင်း၊ ကားကြီးက ၈ သောင်းအထိ ပေးရတယ်။ လုံးဝမကိုက်ဘူး ဘာမှမကျန်ဘူး လမ်းမှာ ။ အသွားအပြန် ၇ ရက်ကြာပြီး စားစရိတ်ထောင်းတယ်။ ခါလီတက်တာတောင် လမ်းကြေးက ၇ သောင်းလောက်ကုန်နေပြီ။ အာရှလမ်းဆို ဘာမှမတင်ရင် ဘာတစ်ပြားမှမပေးရဘူး ။ လမ်းတံတားကြေးလောက်ပဲ။” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

လမ်းဟောင်းမှ ကော့ကရိတ်မြို့အတွင်း ဖြတ်သန်းသွားလာခွင့်မပေးသေးသည့် စစ်ကောင်စီကြောင့် မော်တော်ယာဥ်မှန်သမျှ ရန်ကုတ်-မြပဒိုင်-နဘူး အစရှိသည့် ရွာချင်းဆက်လမ်းများမှ ပတ်၍ သွားလာနေရပြီး ရွာခံနှင့်အမည်မသိအဖွဲ့အချို့မှ ရွာဖြတ်သန်းခအဖြစ် ကောက်ခံလာသည်ကိုပါ ပေးဆောင်နေရကြောင်းလည်း အမည်မဖော်လိုသူ အဆိုပါအမျိုးသမီးက ဖြည့်စွက်ပြောသည်။

ပြည်တွင်းမှ နယ်စပ်မြို့မြဝတီအထိ ကုန်တင်ယာဥ်များသည် အသွားအပြန် စုစုပေါင်း ကုန်တင်ကြေး၊ ဂိတ်ကြေး၊ ရွာဖြတ်သန်းခ၊ စားစရိတ်အပြင် အချိန်ကြာမြင့်စွာ ပေး၍ ကုန်သွယ်စီး ပွားလုပ်ကိုင်ရခြင်းတို့သည် ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်သည့်အပေါ်တွင် များစွာ သက်ရောက်မှုရှိနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မော်တော်ယာဥ်များအား ကော့ကရိတ်အထွက် တံတားကျိုးဂိတ်ကို ဖြတ်သန်းခွင့်ပေးမည်ဟူ၍ လည်းကောင်း၊ KNU တပ်မဟာ(၇)နယ်မြေရှိ မဲသဝေါလမ်းပိုင်းကို ကုန်သွယ်ရေးအသုံးပြုရန် စီစဥ်နေသည်ဟူ၍ လည်းကောင်း ယာဥ်မောင်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရှိရသော်လည်း လက်ရှိအချိန်ထိ အကောင်အထည်ဖော်လာခြင်း မရှိသေးပါ။