Home သတင်း ကော့ကရိတ် မြဝတီလမ်းပိုင်းသို့ စစ်ကူတက်လာသည့် အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့များ အကျအဆုံးများပြီး ထွက်ပြေးမှုများရှိနေ

ကော့ကရိတ် မြဝတီလမ်းပိုင်းသို့ စစ်ကူတက်လာသည့် အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့များ အကျအဆုံးများပြီး ထွက်ပြေးမှုများရှိနေ

685
Photo-CJ

မေလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ် မြဝတီလမ်းပိုင်း ၂ ခု ဖြစ်သော အာရှလမ်းသစ်နှင့် ဒေါနတောင် လမ်းဟောင်းနေရာများမှ မြဝတီမြို့ သို့ စစ်ကူစစ်ဆင်ရေး ပို့လာသည့် စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်နေသည့်အတွက် အကျအဆုံးများနေပြီး ထွက်ပြေးခိုလှုံလာသူ များရှိနေကြောင်း စစ်မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

ဒီရက်ထဲမှာ ပွဲကြီးပဲ တိုက်နေရတာ။ လမ်းဟောင်းဘက်မှာ တစ်ကြောင်းတက်တယ်။ အာရှလမ်းဘက်မှာ တစ်ကြောင်းတက်တယ်။ မြဝတီဘက်ကိုပေါ့။ သူတို့ စစ်တပ်တွေ တော်တော်ကျတယ်။ ဒဏ်ရာရတာလည်းများ တယ်။ မနေ့ကကော့ကရိတ် ၂၃၀ တပ်က စစ်သား ၃ ယောက်၊ သေနတ် ၃ လက်နဲ့ ပြေးလာပြီး ကရင်အဖွဲ့ဘက် လာဝင်တယ်။ တခြားပြေးနေတာတွေလည်း ရှိနေတယ်။
လေယာဉ် ဗုံးကြဲတာကတော့ နေ့တိုင်းပဲ။ ကိုယ့်ဘက်က ရဲဘော်တွေလည်း ထိကျတာရှိတယ်” ဟု KNLA စစ်ကြောင်း သတင်းအရင်းအမြစ်က ပြောသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က တပ်မ ၅၅ အပြင် တပ်မ ၇၇ လက်အောက်ခံတပ်ရင်းများအား ဖားအံ မြို့ဘက်မှ ကုန်တင်ကား၊ အရပ်သားကားများဖြင့် ကော့ကရိတ် ဒေသအတွင်းသို့ စစ်ကူပို့ဆောင်မှုများ အဆင်မပြတ်ရှိနေသည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ တပ်မ စစ်ကြောင်းများမှ ဒေသခံကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ဒေသခံရွာသားများ ထိခိုက်သေဆုံးမှုရှိနေကြောင်း ကျေးရွာကျန်းမာရေးစောင့်ရှောက်ရေးလုပ်သားများ ပြောစကား အရ သိရသည်။

Photo-CJ

ကျေးရွာ ကျန်းမာရေးလုပ်သားတစ်ဦးက “မနေ့က ညနေ ၆ နာရီလောက်မှာ စစ်တပ်လက်နက်ကြီး ရန်ကုတ် ကျေးရွာ စော်ဟဲအုပ်စုက ဒေသခံနေအိမ်ပေါ် စစ်တပ်ပစ်တဲ့လက်နက်ကြီးကျပေါက်လို့ မိသားစု ၃ ဦးမှာ အမျိုး သမီးတစ်ယောက် ဆုံးတယ်။ အစမှန်တာ ၈ ချက်ရှိတယ်။ နောက်ဦးလေးတစ်ယောက်၊ ကလေးတစ်ယောက်က ဒဏ်ရာရတယ်။ နောက်ထပ် ရန်ကုတ်ကျေးရွာ၊ မီချောင်းအင်းဘက်မှာ ဒေသခံတစ်ယောက်ကို စစ်တပ်က ပစ်သတ်သွားတာ ရှိတယ်။”ဟု ပြောသည်။

ထိုသို့ စစ်တပ် စစ်ကြောင်းက အင်အားတိုး နေ့စဉ် တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိနေပြီး တိုက်ပွဲ ဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမျိုး မတွေ့ရှိရသေးပေ။

ယနေ့ မေလ ၅ရက်၊ နံနက်ပိုင်းတွင်မူ စစ်ကောင်စီလေတပ်က Y120 ဗုံးကြဲ လေယာဉ်ဖြင့် မြဝတီကျောက်တောင်၊ အတွင်း ကွင်းကလေး၊ ထီးမူးထကျေးရွာများဘက်နှင့် အာရှလမ်းသစ်ဒေါနတောင်ကြောဘက်ကို ဗုံးသီး ချတိုက်ခိုက်မှုများပြုလုပ်ပြီး မြဝတီသင်္ဃန်းညီ နောင်စစ်ဗျူဟာစခန်း ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ဆင်တိုက်ခိုက်မှုများအရှိန်မြှင့်လုပ်ဆောင်နေကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။