Home သတင်း ကျိုက်ဒုံမြို့ပေါ် BGF တပ်ဖွဲ့ဝင်များ စခန်းချနေထိုင်မှုကို ဒေသခံများ မလိုလား

ကျိုက်ဒုံမြို့ပေါ် BGF တပ်ဖွဲ့ဝင်များ စခန်းချနေထိုင်မှုကို ဒေသခံများ မလိုလား

650
Photo-KIC

ဧပြီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ကျိုက်ဒုံမြို့ခံ ပြည်သူများသည် မြို့အတွင်း နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များ စခန်းနေထိုင်မှုကို မလိုလားကြဘဲ ကေအဲန်ယူ၏ အုပ်ချုပ်မှုအောက်တွင်သာ အေးချမ်းစွာနေထိုင်လိုကြကြောင်း မြို့‌ခံများက ပြောသည်။

(BGF)အနေဖြင့် ယနေ့အချိန်ထိ စစ်ကောင်စီတပ်၏ လက်အောက်ခံတွင် တည်ရှိနေသေးပြီး ၎င်းတို့နေထိုင်ရာ စခန်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အားများ ဖြည့်တင်းလာမှုရှိလာသောကြောင့် ပဋိပက္ခများ ပိုမိုကြီး ထွားလာမည်ကို စိုးရိမ်ကြရသည်ဟု အမည်မဖော်လိုသူ ကျိုက်ဒုံမြို့တစ်ဦးက ပြောသည်။

၎င်းမြို့ခံက “BGFလည်း စစ်‌ကောင်စီရဲ့လူပဲ။ စစ်‌ကောင်စီလူရှိ‌သေးရင် တဖြည်းဖြည်းနဲ့ အင်အားကြီးလာပြီး ပြဿနာကြီးကြီးမားမားဖြစ်လာနိုင်တယ်။ ပြဿနာကြီးကြီးမားမားဖြစ်ရင် နှစ်ဖွဲ့၊ သုံးဖွဲ့ကြားမှာ ပြည်သူပဲ ခက်ခဲတယ်။ အခုက BGF တွေမရှိတော့ဘဲ ကော်သူးလေ တစ်ဖွဲ့ရဲ့အောက်မှာရှိတော့ကောင်းတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကျိုက်ဒုံမြို့ပေါ်ရှိ BGF စစ်စခန်းတွင် ယခင်ရှိထားသည့် တပ်ဖွဲ့ဝင်များထက် တပ်ဖွဲ့ဝင်အင် အားတိုးများလာနေပြီး စစ်ကောင်စီဘက်က (BGF) အသွင်ပြောင်း ဝင်ရောက်မှုများရှိနေကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

ထိုအခြေအနေကြောင့် ကျိုက်ဒုံမြို့ပေါ်ရှိ (BGF)တပ်ဖွဲ့ဝင်များကို တပ်စခန်းစွန့်၍ နေရပ်ပြန်ရန် ကေအဲန်ယူ ဘက်က ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း ကေအဲန်ယူနှင့် နီးစပ်သူများက ပြောသည်။

ကေအဲန်ယူ နှင့် နီးစပ်သူတစ်ဦးက “ကျနော်သိသလောက်တော့ စခန်းမှာ တပ်အင်အားတွေများလာတယ်။ (BGF) တစ်ဖွဲ့ထဲ မဟုတ်ဘူး။ စစ်ကောင်စီတပ်ဖွဲ့ပါလာနိုင်တဲ့အခြေအနေရှိတယ်။ ဒါကြောင့် လက်ခံလို့မရတော့ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ကျိုက်ဒုံမြို့ပေါ်တွင် အခြေစိုက်ချနေထိုင်သည့် (BGF) တပ်ဖွဲ့မှာ ဗိုလ်အယ်ထူး ဦးဆောင်သည့် အမှတ် (၁၀၂၃) တပ်ရင်းဖြစ်ပြီး တပ်စခန်းအတွင်း ယခင်ခန့်မှန်အင်အား(၃၀)နီးပါးခန့်ရှိရာမှ လက်ရှိတွင် အင်အား(၈၀)ခန့် တိုးလာကြောင်းလည်း ၎င်းတို့တပ်ဖွဲ့နှင့် နီးစပ်သူများက ခန့်မှန်းပြောဆိုသည်။

ကော့ကရိတ်မြို့ တောင်ပိုင်းရှိ ကျိုက်ဒုံမြို့စောင့်တပ် စစ်‌ကောင်စီဗျူဟာကုန်းစခန်းကို ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA /PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျိုက်ဒုံမြို့ကို ကေအဲန်ယူက ထိန်းချုပ်ထားခြင်းဖြစ်သည်။

တဆက်တည်းတွင် ထိုင်း-ကရင်နယ်စပ် မြို့တစ်မြို့ဖြစ်သော မြဝတီမြို့နယ်တွင်မူ ပြီးခဲ့သည့် ဧပြီလ ဒုတိယအပတ်က KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူထားသည့် စစ်ကောင်စီတပ် စခန်းအချို့ မှာ ပြန်လည် လက်လွှတ်ပေးခဲ့ရပြီးနောက် ၎င်းစခန်းနေရာများတွင် (BGF) တပ်ဖွဲ့ဝင်များကဝင်ရောက်နေရာ ယူတပ်စွဲထားလျက်ရှိကြောင်း စစ်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။