ဧပြီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ် (၁)ကို ဧပြီလ ၂၇ ရက်က ပြန်လည်ဖွင့်လှစ်ပြီးနောက် မဲဆောက်ဘက်တွင် တစ်ပတ်နေထိုင်ခွင့် ယာယီတံတားဖြတ်သန်းခွင့်ကဒ်(လက်မှတ်)ဖြင့် နေထိုင်သူများအနေဖြင့် နေထိုင်ခွင့်ရက်ကျော်လွန်နေမှုအပေါ် ဒဏ်ကြေးဆောင်ပြီး သက်တမ်းတိုးရန် ဧပြီလ ၂၉ ရက်၊ ယနေ့ အထိ နေ့စဉ်တန်းစီစောင့်ဆိုင်းပြီးမှ ဒဏ်ကြေးဆောင်သက်တမ်းတိုးနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ လ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မြဝတီကုန်သွယ်ရေးတံတား အမှတ် (၂) နေရာ၌ စစ် ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည့်အတွက် ထိုင်း-မြန်မာနယ်စပ်တံတား ၂ စင်းစလုံး ဧပြီလ ၂၀ ရက် တွင် ယာယီပိတ်ထားခဲ့ရာမှ တံတားအမှတ် (၁)ကို ယခု ဧပြီ ၂၇ မှာ ပြန်လည် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
” တံတားက ဒီနေ့အထိ တန်းစီနေရတဲ့သူတွေ အများကြီး ရှိနေတုန်းပါပဲ။ တစ်ပတ်ကဒ်က ၁ ရက်ကျော် ဘတ်တစ်ရာ၊ ၃ ရက်အထက် ကျော်ရင်ဘတ်နှစ်ရာ ထိုင်းဘက်တံတားဂိတ်မှာ ဒဏ်ဆောင်ရတယ်။ ပြီးမှ မြန်မာဘက်ကို ပြန်ဝင်ကဒ်ပြန် အဝင်တံဆိပ်တုံးထုပြီး မဲဆောက်ဘက်ကို ပြန်လာရတယ်။ မဲဆောက် မှာ တစ်ပတ်ကဒ်နဲ့နေတဲ့သူတွေ ထောင်ချီရှိနေတော့ နေ့တိုင်းထိုင်းနိုင်ငံကို ပိုက်ဆံပေးပြီးနေထိုင်ရသလို ဖြစ်နေတယ် “ဟု မဲဆောက်တွင် တစ်ပတ်နေထိုင်ခွင့်ကဒ်နှင့် နေထိုင်သူက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဘက်က စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေခြင်း၊ နှစ်ဖက်စစ်ရေးဆက်ပြီး တင်းမာ နေချိန်မှာ ပြည်တွင်းက နေရပ်စွန့်ခွာ တိမ်းရှောင်လာသူများအပြင် ဒေသခံများ မဲဆောက် ဘက်သို့ ရှောင်တိမ်းနေထိုင်သူ နေ့စဉ် လူရာချီ ရှိနေကြောင်း သိရှိရသည်။
ထိုသို့တံတား ဖြတ်သန်းခွင့်ကဒ်နှင့် ခရီးသည်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်သူ တစ်ဦးက ” အခု မဲဆောက်-မြဝတီလိုင်းကားတွေဆို ရက်လွန်ကြေး တစ်စီး ၅၀၀ ဘတ်ကောက်တယ်။ လူဆိုရင်လည်း ဘတ် ၁၀၀ ကနေ ၃၀၀ ကောက်တယ်။ တံတားပိတ်လို့ ဆေးကုရင်း ရက်လွန်နေတဲ့ လူနာတို့ ဆေးရုံဆေးခန်းပြသူတွေကိုတော့ ဒဏ်ကြေး မကောက်ဘူး။ ရက်လွန်ကြေး ဆောင်ဖို့က တစ် ယောက်ချင်း၊ ကားတစ်စီးချင်းစစ်ဆေး နေတာဆိုတော့ လူအများကြီး တန်းစီစောင့် ရတာမျိုးမှာ လူတွေ များနေတုန်းပဲ။ လူများနေလို့လည်း နေ့တိုင်းလူရာချီ မဲဆောက်ဘက် ဝင်လာနေကြတာပါပဲ” ဟု ပြောသည်။
လက်ရှိတွင် လူကူးတံတား မြဝတီချစ်ကြည်ရေးတံတား အမှတ် (၁) ဖွင့်လှစ်ပြီး အမှတ် ၂ ကုန်သွယ်ရေး တံတားကိုတော့ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးနေသည့် အဆောက်အအုံနှင့် စက်ပစ္စည်းများ ပြန်လည် ပြင်ဆင်နေသည့်အတွက် ကုန်စည်သယ်ဆောင်ဖြတ်သန်းခွင့်ပြုရန် မဖြစ်နိုင်သေးကြောင်း တံတား ရုံးလုပ်ငန်း လုပ်ဆောင်သူများ ပြောစကားအရ သိရသည်။



















