Home သတင်း ကျိုက်ထိုမြို့နယ်တွင် မြို့ပေါ်မှ ကျေးရွာများဘက်သို့ ဈေးဆင်းရောင်းသူများကို စစ်တပ်ဖမ်းဆီး

ကျိုက်ထိုမြို့နယ်တွင် မြို့ပေါ်မှ ကျေးရွာများဘက်သို့ ဈေးဆင်းရောင်းသူများကို စစ်တပ်ဖမ်းဆီး

824
Photo: CJ

ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကျိုက်ထိုမြို့ပေါ်မှ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများသို့ ဈေးလာရောင်းသူ များအား စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များနှင့်အဆက်အသွယ်ရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်း ဒေသတွင်းနေထိုင်သူများထံမှ သိရသည်။

KNU အဖွဲ့အစည်းနယ်မြေရှိ မဲရုံးကြီး၊ မဲရုံးလေး ကျေးရွာများဘက်သို့ မြို့ပေါ်မှ ဈေးလာရောင်းသည့် ဈေးသည်များကို စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ် သည်ဟု စွပ်စွဲ၍ လိုက်လံဖမ်းဆီးနေသည်မှာ ၂၀ ဦးထက်မနည်းအဖမ်းခံရပြီဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးက “ကျိုက်ထိုမြို့ထဲကဈေးသည်တွေက ရွာဘက်မှာ ဈေးလာရောင်းကြတာကို စစ်တပ်က လိုက်ဖမ်းနေလို့ လာမရောင်းရဲကြတော့ဘူး။ ဒီလ ၂၃ ရက်နေ့လောက်ကတည်းက လိုက်ဖမ်းနေတာ။ ဖမ်းခံရတဲ့အထဲမှာ ပြန်လွတ်လာတဲ့သူလည်းရှိတယ် ။ အလောင်းပဲပြန်ရတဲ့သူလည်း ရှိတယ်။ ” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

ယခင်က ထိုကျေးရွာဘက်သို့ ဈေးဆင်းရောင်းသူများအား စစ်တပ်က စစ်ဆေးဖမ်းဆီးမှုရှိခဲ့ဖူးသော်လည်း ယခု ဖေဖော်ဝါရီလ (၁၀) ရက်နေ့က စစ်မှုထမ်းဥပဒေကြေညာပြီးနောက်ပိုင်း ဖမ်းဆီးမှုပိုလုပ် လာကြခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

Photo: CJ

“တချို့ဈေးသည်တွေကျတော့ ဖမ်းခံရလို့ပြေးတာ သူ့အိမ်အထိပါ လိုက်ဝိုင်းတယ် ၊ သူပြေးရင်သူ့မိသားစုကို ဖမ်းတယ်။ အခုတော့ အဖမ်းအဆီးများလို့ ခဏနားထားဦးမယ်တဲ့ ဈေးတစ်ခေါက်အရောင်းနားရင် ၆ လလောက်ကြာတော့ ရွာမှာ စားစရာဝယ်ရတာ အခက်အခဲဖြစ်တယ်။” ဟု ၎င်းက ပြောသည်။

မဲရုံးလေး၊ မဲရုံးကြီးကျေးရွာသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လပိုင်းက ကျိုက်ထိုမြို့အခြေစိုက် တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သော ကျေးရွာဖြစ်သည်။

ကျိုက်ထိုမြို့နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် စစ်ကောင်စီက တော်လှန်ရေးတက်ကြွလှုပ်ရှားသဖြင့်၊ ပတ်သက်သဖြင့်ဟုဆိုကာ မတရားဖမ်းဆီးထားသော အရပ်သားပြည်သူ စုစုပေါင်း နှစ်သောင်းခြောက်ထောင်ကျော် ရှိနေပြီး ထောင်ဒဏ်ချမှတ်ခံရသူပေါင်း ရှစ်ထောင်ကျော် ရှိနေသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ထုတ်ပြန်ချက်ပါစာရင်းများအရ သိရသည်။