Home သတင်း စစ်ဘေးရှောင် အိမ်ထောင်စု (၁၀၀၀) စာအတွက် ပါဝင်ကူညီကြရန် ကရင်လူငယ်များဖိတ်ခေါ်

စစ်ဘေးရှောင် အိမ်ထောင်စု (၁၀၀၀) စာအတွက် ပါဝင်ကူညီကြရန် ကရင်လူငယ်များဖိတ်ခေါ်

896

ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ ကော်သူးလေဒေသအတွင်းရှိ စစ်ဘေးရှောင် ပြည်သူ အိမ်ထောင်စု (၁၀၀၀) စာအတွက် လိုအပ်သည့် အခြေခံစားနပ်ရိက္ခာများကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြီး ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်တွင်ပါဝင် ကူညီကြရန် အစီအစဉ်ကို ဦးဆောင်သူ ကရင်လူငယ် များက ဖိတ်ခေါ်လိုက်သည်။

“သုညဘဝ အတူရုန်းထ” ရန်ပုံငွေရှာဖွေးရေး ကမ်ပိန်း တတိယမြောက်အစီအစဉ်မှ ကော်သူးလေး ဒေသ စစ်ရှောင်များအတွက် ကိုယ်တိုင်ပါဝင်ကူညီနိုင်ရန် “ဖားစည်းဟိန်းညံ ကျွဲးချိုခေါ်သံ” အမည်ရ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲအစီအစဉ်ကို မြေပြင် နှင့်အွန်လိုင်း နှစ်မျိုးလုံးဖြင့် လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင် ကျင်းပသွားမည်ဖြစ်ဖြစ်ကြောင်း ဦးဆောင်စီစဉ်ရာတွင် ပါဝင်သူကရင်လူငယ် ထီးထားက ယခုလိုပြောသည်။

၎င်းက “အစီအစဥ်ကနေ လူထုမှ လူထုကို တိုက်ရိုက်ထောက်ပံ့ကူညီနိုင်ဖို့ရယ် ကော်သူး လေဒေသ အတွင်း စစ်ရှောင် နေရသူတွေနဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေး နိုင်ဖို့ရယ်၊ ပြီးတော့ ဖျော်ဖြေ တင်ဆက်ခြင်း အသိပညာပေးခြင်းကနေတစ်ဆင့် တရားမျှတမှုအတွက် လုပ်ဆောင်နေတဲ့ လူထု တော်လှန်ရေးကို အထောက်အပံ့ပေးနိုင်ဖို့အတွက်အဓိက ရည်ရွယ်လုပ် ဆောင်တာဖြစ်တယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ယခု ပြုလုပ်မည့်အစီအစဉ်ကို လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ(GSCN)၊ ကရင်လူငယ် အစည်း အရုံး(KYO)နှင့် ကရင်အနုသုခုမအသင်း( KAA) တို့ပါဝင်ဦးဆောင်ပူးပေါင်းပြီး စစ်ဘေးရှောင်အိမ်ထောင်စု တစ်စုစာအတွက် အခြေခံစားသောက်ကုန် Package တစ်ခုတန်ဖိုး ထိုင်းဘတ် ၅၀၀ (မြန်မာကျပ်ငွေ ၅ သောင်း) အားဖြင့်ထောက်ပံ့ကူညီသွားမည်ဖြစ်ပြီး Zoom မှ တဆင့် ကြည့်ရှုနိုင်မယ့် ဖျော်ဖြေပွဲ လက်မှတ်တစ်စောင်ကို လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်သွားမည့်အစီအစဉ်ဖြစ်သည်ဟု ထီးထားက ဆက်ပြောသည်။

ထို့အပြင် ပြည်တွင်းပြည်ပ နယ်စပ်ဒေသရှိ မည်သူမဆို ပါဝင်လာပေးကြရန်လည်း ဦးဆောင်သူများက ဖိတ်ခေါ်ထားပြီး ပါဝင်လိုသူများအနေဖြင့် General Strike Committee of Nationalities – GSCN၊ ကရင် လူငယ်အစည်းအရုံး (KYO)၏ Facebook messenger မှတစ်ဆင့် မိမိ ကူညီလိုသည့် အိမ်ထောင်စုစာအလိုက် ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း ဦးဆောင်စီစဉ်သူများက ဆိုသည်။

အမေရိကန်နိုင်ငံရောက် ကရင်လူငယ်တစ်ဦးက “စစ်ဘေးရှောင်တွေ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု အလုံအလောက် မရနေတဲ့အချိန်မှာ ဒီလိုလူငယ်တွေကနေပြီးတော့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ အတွက်ရတဲ့ နည်းလမ်းတွေနဲ့ တွေးတော တီထွင်ကြံဆပြီး ကူညီပေးနိုင်ဖို့ ကြိုးစားနေတဲ့အပေါ်မှာ ကျနော်တို့က အသိအမှတ် ပြုရမှာပါ။ မိနစ်ပိုင်းအတွင်း ဘာမဟုတ်တဲ့နေရာတွေမှာ သုံးလိုက်မဲ့ ဒီကျပ် ငွေလေး ငါးသောင်းစာက မိသားစု တစ်စုအသက်ဆက်ရှင်ဖို့အတွက် အများကြီးအကူ အညီဖြစ်နေတာ ကိုတော့ သတိပြုပြီး ပါဝင်ကူညီပေး ကြဖို့ လိုပါတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

လက်ရှိတွင် ပါဝင်ကူညီသူများ မျှော်မှန်းထားသည်ထက် အားနည်းနေသေးပြီး ပိုမို ပါဝင်လာကြရန်လည်း တိုက်တွန်းထားသလို ယခုရန်ပုံငွေအစီအစဥ်မှ ရရှိလာသော အလှူငွေများကို ကော်သူးလေအတွင်း စစ်ဘေး ရှောင်နေရသော ပြည်သူ (၁) သန်းနီပါးထဲမှ အိမ်ထောင်စု (၁၀၀၀) ကျော်ကို ကော်သူးလေ ခရိုင်(၇)ခုတွင် မျှဝေ လှူဒါန်းသွားမှာဖြစ်သည်ဟုလည်း ဦးဆောင်သူများက ပြောသည်။

ယခုအစီအစဉ်တွင် ဂီတနှင့် ရိုးရာ ဖျော်ဖြေပွဲကို မြေပြင် (Onsite)နှင့် အွန်လိုင်း (Hybrid) ပြုလုပ်သွားမည်ဖြစ်ပြီး အစီအစဉ်တွင် တက်သစ်စ ကရင်အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်နှင့် ကရင်ယဉ်ကျေးမှုများကို ဖော်ပြပေးသွားမည်ဟု သိရသည်။

ကေအဲန်ယူ၏ ယခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့က နောက်ဆုံး ထုတ်ပြန်ထားသည့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်နေရသူ လူဦးရေမှာ (၇၅၀၀၀၀) ကျော်ရှိပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆက်လက်လိုအပ်နေသေးကြောင်း ဖော်ပြထားသည်။