Home သတင်း အလူးကြီးရွာ လေယာဥ်ဗုံးကြဲခံရမှုမှ အသက်ရှင်ကျန်ရစ်သူ ကလေးငယ် ဆေးကုသစရိတ်လိုအပ်

အလူးကြီးရွာ လေယာဥ်ဗုံးကြဲခံရမှုမှ အသက်ရှင်ကျန်ရစ်သူ ကလေးငယ် ဆေးကုသစရိတ်လိုအပ်

27
Photo: CJ

အောက်တိုဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ/သထုံခရိုင်၊ ကျိုက်ထို(မွန်ပြည်နယ်၊ ဘီးလင်း)မြို့နယ်ရှိ အလူးကြီးကျေးရွာသို့ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ခြေထောက်ပြတ်ရှ ဒဏ်ရာပြင်းထန်စွာရရှိပြီး အသက်ရှင်ကျန်ရစ်သည့် ကလေးငယ်အတွက် လက်ရှိဆေးကုသစရိတ် ထောက်ပံ့မှုလိုအပ်နေကြောင်း နီးစပ်ရာသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ(၁၃)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က အလူးကြီးကျေးရွာထဲသို့ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီး(၂)ဦးနှင့် အသက်(၁၃)နှစ်အရွယ် ကလေးငယ်(၁)ဦးအပါအဝင် စုစုပေါင်း(၅)ဦးသေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိုအထဲတွင် ခြေထောက်ပြတ်ထွက် ဒဏ်ရာရှိခဲ့သည့် အသက်(၅)နှစ်အရွယ်ကလေးငယ်၏ မိခင်နှင့်အစ်ကိုဖြစ်သူတို့လည်း ပါဝင်သည်။ အသက်ရှင်ကျန်သည့် ထိုကလေးငယ်မှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးထားရပြီး ၎င်းအတွက် လက်ရှိဆေးကုသစရိတ်လိုအပ်နေသည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

“ကလေးက သူ့အမေလည်းဆုံးသွားတယ် သူ့အစ်ကိုလည်းဆုံးသွားတယ်။ သူ့အဖေလည်းဆေးရုံပေါ်မှာ။ ကလေး ခြေထောက်က ဖြတ်ထားရပြီး အခုလောလောဆယ် ဆေးကုသစရိတ်လိုနေတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

Photo: CJ

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုခံရပြီးနောက် လက်ရှိတွင် အလူးကြီးရွာနှင့်အနီးအနားရှိဒေသခံများမှာလည်း နေအိမ်မှထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေတွင်ရှိသည်။

ကေအဲန်ယူ ဒူးသထူခရိုင်ဘက်က ပြောပြချက်အရ အောက်တိုဘာ (၁၅)ရက်နေ့ကလည်း အလူးကျေးရွာအုပ်စုအတွင်းရှိ ရှမ်းစုရွာထိပ်သို့ စစ်အုပ်စုသည် ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံးကြဲချခဲ့သလို ခြေမြန်တပ်မ(၄၄)ဌာနချုပ်က ၁၂၀ မမ လက်နက်ကြီး(၂)လုံး၊ အသေခံ(ကာမီကာဇေ)ဒရုန်း(၁)စီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ယင်းကြောင့် ဒေသခံပိုင်လုပ်ငန်းခွင်ထဲကျရောက်ပေါက်ကွဲခဲ့ရာ အလူးကြီးရွာဖြစ်စဥ်လို ဒေသခံထိခိုက်သေဆုံးမှုနှင့် နေအိမ်များပျက်စီးခြင်းမရှိဟု ကေအဲန်ယူထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ အောက်တိုဘာလ လက်ရှိအချိန်ထိ တပ်မဟာ(၁) ကေအဲန်ယူ အုပ်ချုပ်မှုနယ်မြေ၊ အရပ်သားပြည်သူနေထိုင်သည့်ကျေးရွာများကို စစ်အုပ်စုက လက်နက်ကိုင်နေရာများအဖြစ် ပုံဖော်ဝါဒဖြန့်ကာ လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်လာ၍ နေ့စဥ် အကြောက်တရားဖြင့်နေထိုင်နေရသည်ဟုလည်း ဒေသခံများက ဆိုသည်။