Home သတင်း ဇရပ်ကြီးမြို့သို့ စစ်တပ်စစ်ကြောင်းထိုးလာသဖြင့် ပရဟိတအဖွဲ့များ ကယ်ဆယ်ရေးလုပ်ငန်း ယာယီရပ်ထားရ

ဇရပ်ကြီးမြို့သို့ စစ်တပ်စစ်ကြောင်းထိုးလာသဖြင့် ပရဟိတအဖွဲ့များ ကယ်ဆယ်ရေးလုပ်ငန်း ယာယီရပ်ထားရ

955
Photo-CJ

ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့သို့ ယနေ့ ဇန်နဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် မြို့အနီးပိတ်မိနေသောဒေသခံများကို ကူညီကယ် ထုတ်ပေးနေသည့် ပရဟိတအဖွဲ့များ၏ ကယ်ဆယ်ရေးလုပ်ငန်းများကို ယာယီရပ် ဆိုင်းထားရကြောင်း ထိုအဖွဲ့များထံမှသိရသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ၏ ဇရပ်ကြီးမြို့ရှိ စစ်တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရပ်သားနေထိုင်ရာရပ်ကွက်၊ ကျေးရွာများသို့ လေကြောင်းနှင့်လက်နက်ကြီးသုံး ပစ်ခတ်နေခြင်းကြောင့် ပြည်သူအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးနေရခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် လက်ရှိအချိန်ထိ ဇရပ်ကြီးမြို့နှင့်အနီးပိတ်မိနေသော ဒေသခံပြည်သူ ၅၀၀ ခန့် အား ပရဟိတအဖွဲ့များမှ မော်တော်ယာဥ်များဖြင့် ကူညီကယ်ထုတ်ပေးနေသော်လည်း စစ်ကောင်စီ တပ်စစ်ကြောင်းထိုးလာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်း ခေတ္တရပ်ဆိုင်းထားရကြောင်း အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “စစ်ကြောင်းထိုးတာရော လေယာဥ်ပါတက်လာတယ်ဆိုပြီး သတင်းရလို့ မြို့ဘက် ကိုကပ်လို့မရသေးဘူး။ ကျနော်တို့လည်း လုံခြုံတဲ့နေရာမှာ နေနေရတယ်။ ဇရပ်ကြီးနဲ့ လေး၊ ငါးမိုင်လောက်ကွာတဲ့ သရက်တောကျောင်းနားမှာ ကျနော်တို့ကယ်ဆယ်ရေးကားတွေ အကုန် စောင့်နေရပါတယ်။ ကျနော်တို့ဆီ ပိတ်မိနေလို့ဆက်သွယ်လာတဲ့ပြည်သူတင် ၅၀၀ လောက်ရှိတယ်ဗျ။ ဇရပ်ကြီးမြို့ထဲမှာတော့ကုန်ပြီ မြို့ပတ်ချာလည်ရွာကလူတွေ ပိတ်မိနေတာပါ ကျနော်တို့လည်း ကယ် ထုတ်ဖို့ကြိုးစားနေပါတယ်။” ဟု ကေအိုင်စီကို ပြောသည်။

ပိတ်မိနေသောပြည်သူများမှာ စစ်ကြောင်းထိုးဝင်လာသည့်အနေအထားနှင့် မြို့တွင်းပစ်ခတ်မှု ဆက်လက်ဖြစ်ပွားနေသည့် အနေအထားကြားတွင်ရှိနေပြီး ပရဟိတအဖွဲ့၏မော်တော်ယာဥ်များရှိရာ နေရာသို့ ကိုယ်တိုင်ရောက်ရှိရန်မဖြစ်နိုင်သည့်အတွက် လုံခြုံသည့်နေရာများတွင် အကာအကွယ်ယူနေထိုင်ကြရန် အဖွဲ့များက သတိပေးတိုက်တွန်းထားသည်။

Photo-CJ

“မြို့တွင်းဘက်ဝင်တဲ့လမ်းနဲ့တောင်ငူဘက်ကဝင်တဲ့လမ်း ဘယ်လမ်းကထိုးလာမှန်းမသိတော့ စောင့်ကြည့်နေရတဲ့အနေအထားပါ။ ကျနော်တို့ဝင်လို့မရသေးတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့အဆောက်အဦးတွေ ခိုင်ခိုင်မာမာရှိတဲ့အဆောက်အဦးတွေမှာနေကြဖို့ပဲ မှာပေးပါဗျ။” ဟု မြေပြင်ရှိကယ်ဆယ်ရေးဝန်ထမ်းက ဆိုသည်။

ပစ်ခတ်မှုများအတွင်း ကလေးငယ်များအပါအဝင် ဒေသခံများ သေဆုံးမှုရှိနေသလို ထိခိုက်ဒဏ်ရာရရှိသူ (၅၀)ဦးခန့်အနက် ပြင်းထန်ဒဏ်ရာကြောင့် စိုးရိမ်ရသူ (၁၀)ဦးခန့်ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ထို့အတူ ထွက်ပြေးတိမ်းရှောင်လာသူများအား ပရဟိတအဖွဲ့များ စစ်ဘေးရှောင်ကူညီနေသူများက တောင်ငူမြို့တွင်းရှိ ဘာသာရေးအဆောက်အဦးများနှင့် ယာယီစစ်ရှောင်စခန်းများ ဆောက်လုပ် နေရာချထားပေးနေပြီး ယမန်နေ့ကအထိ မြို့တွင်းတွင် ဇရပ်ကြီးတိုက်ပွဲစစ်ဘေးရှောင် ၄,၀၀၀ ထက်မနည်း ရှိလာပြီဖြစ်သည်ဟု စစ်ရှောင်ကူအဖွဲ့များက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် မီဒီယာများကမူ ဇရပ်ကြီးမြို့တွင်းသို့ တော်လှန်ရေးတပ်များက ဒရုန်းဗုံးကြဲချ တိုက်ခိုက်နေခြင်းဖြစ်ပြီး ပရဟိတကားများကိုအသုံးပြု၍ လက်နက်၊ခဲယမ်း သယ်ဆောင်မှုနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား သယ်ယူပို့ဆောင်ခြင်းတို့လုပ်ဆောင်နေကြကြောင်း ရေးသားပြောဆိုကြသည်။