Home သတင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အချက်(၄)ချက်ဖြင့် နိုင်ငံတကာကို NUG နှင့် IEC တောင်းဆို

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အချက်(၄)ချက်ဖြင့် နိုင်ငံတကာကို NUG နှင့် IEC တောင်းဆို

701
Photo-CJ

ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုပတ်သက်၍ အမျိုး သားညီညွတ်ရေးအစိုးရ(NUG) နှင့် ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) တို့ ယမန် နေ့ ဖေဖော်ဝါရီလ (၈)ရက်နေ့က အွန်လိုင်းအစီအစဥ်ဖြင့်ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံတကာသို့ အချက်(၄)ချက်ဖြင့် တောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီလ(၅)ရက်နေ့က ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီနှင့် လွိုင်နန်းဖ ကျေးရွာ စာသင်ကျောင်းသို့ စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးသုံး တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဥ်နှင့်ပတ်သက်ပြီး ပြုလုပ်သော ထိုသတင်းစာရှင်း လင်းပွဲတွင် စစ်ကောင်စီသို့လေယာဥ်ဆီ တင်ပို့ရောင်းချနေခြင်းအား ရပ်တန့်ရေး နိုင်ငံတကာအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အပါအဝင် အချက်(၄)ချက်ဖြင့် တောင်းဆိုထားခြင်းဖြစ်သည်။

NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “လေယာဥ်ဆီကိစ္စ ဆိုရင် ကျနော်တို့တောင်းဆိုနေတာကြာပြီ ဥရောပသမဂ္ဂလိုမျိုး ကိုရီးယားနိုင်ငံတို့ လိုမျိုးကတော့ ဒါတွေ လုပ်ဆောင်နေတယ်။ ဒါပေမဲ့ ယိုပေါက်တွေကရှိနေတုန်းပဲ၊ ပိတ်တဲ့သူကပိတ် ခိုးရောင်းတဲ့သူကခိုးရောင်း ရှိနေတာကြောင့် မအောင်မြင်သေးတဲ့အတွက် ကျနော်တို့ တောင်းဆို တာဖြစ်တယ်။ ဘယ်နိုင်ငံကပို့တာ ပဲဖြစ်ဖြစ် အဓိကက စစ်ကောင်စီလက်ထဲကို လေယာဥ်ဆီမရောက်ရှိစေဖို့ပါ” ဟု သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။

ထို့အပြင် NUGနှင့် IEC ၏ တောင်းဆိုချက်တွင် အရပ်သားပြည်သူနေရာများ ပစ်ခတ်တိုက်ခိုက်ခံ နေရခြင်းမှ တားဆီးကာကွယ်ရန် လေယာဥ်မပျံသန်းရဇုန် သတ်မှတ်ပေးရန်၊ စစ်ကောင်စီကျူးလွန် သောရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာတရားရုံးတွင် တင်သွင်းတရားစွဲ ဆိုနိုင်ရန်နှင့် ပြည်သူလူထုလုံခြုံရေးအတွက် လေယာဥ်အချက်ပေးစနစ်များ၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းပညာအကူအညီများပေးရန်တို့ ပါဝင်သည်။

ဒီးမော့ဆိုမြို့နယ် စာသင်ကျောင်းများ ပစ်ခတ်ခံရမှုနှင့်စပ်လျဥ်းပြီး NUG အနေဖြင့် ပဋိပက္ခနယ်မြေ အတွင်းရှိ စာသင်ကျောင်းများတွင် ဗုံးခိုကျင်းများ စီစဥ်ဆောက်လုပ်ပေးနေသော်လည်း စစ်ကောင်စီ ကရာဇဝတ်မှုကျူးလွန်နေခြင်းကို တားဆီးရန်မှာ နိုင်ငံတကာ၏အရေးယူမှုဖြင့်သာ ထိရောက်မှုရှိ မည်ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

“ဒီလိုပစ်ခတ်ခြင်းက ကလေးတွေကိုစိတ်ပိုင်းဆိုင်ရာထိခိုက်စေတဲ့အပြင် ကျောင်းဆိုတာက အိပ်မက် ဆိုးမက်စရာ ဖြစ်လာမယ်ဆိုရင် အနာဂတ်မျိုးဆက်တွေလည်းပျက်စီးသွားမှာဖြစ်တယ်။ နိုင်ငံတကာက စိုးရိမ်ပါတယ်ဆိုတာထက် ဟန်ချက်ညီတဲ့အရေးယူမှုလုပ်ဖို့လိုအပ်တယ်။ အရေးယူမှုနှောင့်နှေးနေခြင်းက ရာဇဝတ်မှုတွေပိုလုပ်ဖို့ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့လည်း လိုအပ်ပါတယ်”ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

Photo-CJ

လက်ရှိတွင် စာသင်ကျောင်းများအား အဆောက်အဦးကြီးများအစား ထင်ထင်ပေါ်ပေါ်မရှိသော နေရာများအသုံးပြုကာ ပညာသင်ကြားပေးနေခြင်းဖြစ်သလို ကျောင်းနေရာတိုင်းတွင် ဗုံးခိုကျင်းများ ဆောက်လုပ်ပေးခြင်း၊ ကလေးငယ်များနှင့် ဆရာ၊ဆရာမများအား လေကြောင်းရန်ကာကွယ်ခြင်းအတွက် နည်းပညာအရသော်လည်းကောင်း၊ ငွေကြေးအရသော်လည်းကောင်း လိုအပ်ချက်ရှိကြောင်း IEC ၏ အတွင်းရေးမှူး(၂) ဦးဗညားခွန်အောင်က ရှင်းပြသည်။

ဦးဗညားခွန်အောင်က“ကျောင်းတွေမှာတူးမြောင်းတွေတူးမယ်၊ ဗုံးခိုကျင်းတွေတူးမယ် ဆိုတာ တွေ အတွက် ကုန်ကျစရိတ်ရှိတယ်။ ပထမတစ်ကြိမ် နှစ်ကြိမ်လောက်က တက်သိပညာရှင်တွေနဲ့ ပို့ချတဲ့ လေကြောင်းရန်ကာကွယ်ရေးသင်တန်းပေါ့။ နောက်ပိုင်းကျရင် တစ်လတစ်ကြိမ် ပုံမှန်လုပ်နိုင်အောင် သွားဖို့လိုတယ်။ လူထုတွေ လေယာဥ်တက်လာတာသိစေဖို့ ဆက်သွယ်ရေး ပစ္စည်းတွေတပ် ထားတာြဖစ် ဖြစ်ပေါ့။ ကြိုတင်ကာကွယ်တာတွေလုပ်နိုင်မှာပါ။ ဒီအပိုင်းအတွက်ကတော့ နည်းပညာ အရပဲဖြစ်ဖြစ် ငွေကြေးအရပဲဖြစ်ဖြစ် လိုအပ်ချက်ရှိမယ်။” ဟု ကေအိုင်စီသို့ ဖြေကြားထားသည်။

စစ်တပ်အာဏာသိမ်းယူထားသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့အထိ စစ်ကောင်စီက နည်းမျိုးစုံဖြင့်ဖျက်ဆီးခဲ့သဖြင့် တစ်နိုင်ငံလုံးမှစာသင်ကျောင်းပေါင်း ၂၀၀ နီးပါး ပျက်စီးခဲ့ရပြီး အသက်(၁၈)နှစ်အောက် ကလေးငယ် (၆၃၀) ဦး စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်း NUG ၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ ဒီးမော့ဆိုမြို့နယ် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရသည့်တစ်ရက်တည်းမှာပင် စစ်ကောင်စီသည် ရှားတောမြို့နယ်အတွင်း စစ်ရှောင်နေသော မိသားစုသုံးစုရှိ ကလေးငယ်(၃)ဦး၊ ကိုယ်ဝန်ဆောင်(၁)ဦး အပါအဝင် စုစုပေါင်း(၈)ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိစေရန် စစ်အာဏာရှင် စနစ်အဆုံးသတ်ရေး လုပ်ဆောင်မည်ဖြစ်သလို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း နစ်နာသူများအတွက် ထိရောက်သောအကူအညီပေးရန် IEC က သီးသန့်ထုတ်ပြန်ချက်ဖြင့် ယမန်နေ့က တိုက်တွန်းတောင်းဆိုထားသည်။