ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေ၊ ကျုံဒိုးမြို့နယ်ရှိ ကော့ဝါလဲကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီးနောက် လက်ရှိတွင် ဒေသခံရွာသားများသည် ရွာပြင်မထွက်ရဲကြတော့ကြောင်း ဒေသခံထံမှ သိရသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့က ကော့ဝါလဲကျေးရွာနေ အမျိုးသမီးတစ်ဦး ရွာပြင်ပတ်လမ်းတစ်နေရာတွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့ရသည့်ဖြစ်စဉ်နောက်ပိုင်း အနီးအနားကျေးရွာတွင် နောက်ထပ် မြေမြှုပ်မိုင်းများ ထပ်မံနင်းမိမှာကို စိုးရိမ်သည့်အတွက် ယခုလို ရွာပြင်မထွက်ရဲတော့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းဒေသခံက “ဘယ်သူက လာထောင်သွားတဲ့မိုင်းလည်းတော့မသိဘူး။ ထောင်ပြီးဆိုရင် တစ်လုံး တော့ မကလောက်ဘူး။ ပြီးတော့ ရွာမှာဆိုတော့ လူတွေက သွားလာမိမှာပဲ။ ဒီလိုတော့ မလုပ်သင့် ဘူးပေါ့။ ကြောက်နေရတယ်၊ ကလေးတွေဆိုရင်လည်း မလွှတ်ရဲတော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
မိုင်းနင်းမိသူ ဒေသခံအမျိုးသမီးမှာ အသက်(၆၀)အရွယ် နန်းရင်ရွှေဖြစ်ပြီး ယခုအချိန်တွင် ကျုံဒိုးမြို့ ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။
ကော့ဝါလဲကျေးရွာ၏ အရှေ့ဘက်ခြမ်းရှိ ကျုံဒိုးအခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း -ခမရ ၅၄၃၊ ၅၄၆ တို့သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် မေလက ကျေးရွာစာသင်ကျောင်းနှင့် ရာဘာခြံနေရာ များတွင် ဝင်ရောက်တပ်စွဲထားခြင်းရှိခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။
ကော့ဝါလဲကျေးရွာတောင်ဘက်ခြမ်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အဆိုပါ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် သွားရောက် တိုက်ခိုက်လေ့ရှိသလို စစ်ကောင်စီဘက်ကလည်း ကျေးရွာထဲသို့ လက်နက်ကြီးများနှင့် မကြာခဏ ပြန်လည်ပစ်ခတ်လေ့ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၇)ရက်နေ့တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ကော့ဝါလဲကျေးရွာ ဘုန်းကြီးကျောင်း ဂေါပကအဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ယခုလ ဇန်နဝါရီလ (၅)ရက်နေ့တွင်လည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော ၁၂၀ မမလက်နက်ကြီးကျည် ၎င်းဒေသရှိ ဝိဇ္ဇာကုန်းကျေးရွာဘုန်းကြီးကျောင်းဆောင်နှင့် သိမ်တော်ထိမှန်ပျက်စီးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက လက်နက်ကြီး နေ့စဉ်ပစ်ခတ်သည့်အတွက် လက်ရှိအချိန်တွင် ဒေသခံများ ဝင်ထွက်သွား လာသည့် ရွာချင်းဆက်လမ်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ယာယီပိတ် ထားလိုက်ကြောင်းလည်း ဒေသခံများက ပြောသည်။



















