Home သတင်း ၂၈ နှစ်ကြာ ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်း(၃)ခု စွန့်ခွာထွက်ပြေး

၂၈ နှစ်ကြာ ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်း(၃)ခု စွန့်ခွာထွက်ပြေး

943
Photo: KNU

ဇန်နဝါရီလ(၂၇)ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောအူး(တောင်ငူ)ခရိုင်၊ တပ်မဟာ(၂)နယ်မြေအတွင်း (၂၈)နှစ်ကြာ ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်း(၃)ခုရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ (၃)ရက်အတွင်း စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း ကေအဲန်ယူ ဗဟိုမှ ယနေ့ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၀) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၂၈) နှင့် (ခမရ-၅၉၃)တပ်များသည် ထီးတော်ပယ်(ထင်းရူးတောင်)စခန်း၊ ဘူဆာခီးစခန်း နှင့် သီးမူပေါ် စခန်းတို့တွင် အသီးသီးတပ်စွဲထားရာမှ ဇန်နဝါရီလ(၁၃)ရက်နေ့မှ စတင်ကာ ဇန်နဝါရီလ(၁၅)ရက်နေ့အတွင်း စခန်းများကို အသီးသီး စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ၏ တောင်ငူခရိုင် တာဝန်ရှိသူတစ်ဦးက “ရိက္ခာဖြတ်တောက်ခံရလို့ပြန်ဆင်းတာကတစ်ကြောင်းပေါ့။ (၁၀၂၇)၊ (၁၁၁၁) စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲနဲ့ တောင်ငူမြို့နားအထိ မိမိတို့ရဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ပွဲများပိုမိုဖော်ဆောင်လာနိုင်တဲ့အတွက် မြို့တွင်း နောက်တန်း စခန်းများမှာ အင်းအားပြန်လည် စည်းရုံးတာ လည်းပါနိုင်တယ်ဟု။” ပြောသည်။

ထီးထော်ပယ်စခန်းသည် ကေအဲန်ယူ တပ်မဟာ (၂) နှင့် တပ်မဟာ (၅) နယ်စပ် တပ်မဟာ (၂) နယ်မြေဘက်တွင် တည်ရှိနေပြီး လအတန်အကြာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ -KNDO တို့၏ ရိက္ခာဖြတ်တောက်ထားခြင်းခံနေရသော တပ်စခန်းများ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ စွန့်ခွာထွက်ပြေးခဲ့သည့် အဆိုပါတပ်စခန်း(၃)ခုကို ဇန်နဝါရီလ (၂၀)ရက်နေ့တွင် (KNDO) တပ်ရင်း (၄) နှင့် တပ်မဟာအထူး တပ်ဖွဲ့များမှ ပူးပေါင်းကာ နယ်မြေလုံခြုံရေးနှင့်ဒေသခံပြည်သူများ၏ အသက် အိုးအိမ်မထိခိုက်စေရန်အတွက် နယ်မြေရှင်းလင်းမှုများသွားရောက် ပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။

အဆိုပါ တောအူး(တောင်ငူ)ခရိုင်အတွင်းရှိ ထီးတော်ပယ်(ထင်းရှူးတောင်) စခန်းနှင့် ဘူဆာခီး စခန်းကို ပြီးခဲ့သည့် ၁၉၉၅ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့နှင့်(၂၀)ရက်နေ့တို့တွင် စစ်တပ်မှ ဝင်ရောက်ကျူးကျော် တပ်စွဲ ခဲ့ကြပြီး လက်ရှိ ၎င်းစခန်းများကို စွန့်ခွာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ခလယ်လာရွာ (ဘောဂလိ ကြီး) ရွာဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထား သည်။