Home သတင်း ကော့ကရိတ်မြို့ကို စစ်ကောင်စီမှ ဗုံးသီးတစ်ရာကျော်ခန့် သွားရောက်ကြဲချ

ကော့ကရိတ်မြို့ကို စစ်ကောင်စီမှ ဗုံးသီးတစ်ရာကျော်ခန့် သွားရောက်ကြဲချ

359
Photo: CJ

ဇန်နဝါရီလ ၂၇ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ

စစ်ကောင်စီ နှင့် တော်လှန်ရေး အင်အားစုအကြား နှစ်ဖက်တပ်ဆိုင်ထားသည့် ကော့ကရိတ်မြို့တွင် ယနေ့ နံနက် ၁ နာရီဝန်းကျင်မှ ၇ နာရီအထိ စစ်ကောင်စီတပ်မှ လေယာဉ်ဗုံးသီး တစ်ရာကျော်ခန့် လာရောက် ဗုံးကြဲ ပစ်ခတ်ခဲ့ ကြောင်း ရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင် နှင့် ဒေသခံများကပြောသည်။

ကော့ကရိတ် ဒေသခံတစ်ဦးက”ကော့ကရိတ်မှာ ညက လေယာဉ်တွေ တစ်ညလုံး လာပစ်သွားတယ်။ တစ်ခါ ဗုံးကြဲချရင် ၄လုံး၅လုံး ကြဲချတယ်။ကျနော်ရေကြည့်တာ အလုံး ၁၀၀ကျော်တယ်”ဟု ကေအိုင်စီ သို့ပြောသည်။

ထိုသို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ရာတွင် ကော့ကရိတ်မြို့တွင်း နှင့် မြို့အစပ် ပတ်ပတ်လည် နေရာများကို အဓိက ဗုံးကြဲပစ်ခတ်နေပြီး အရပ်သားပြည်သူများ၏ နေအိမ်အများအပြား ပျက်စီးမှုရှိနိုင်ကြောင်း ဒေသခံများကပြောသည်။

အလားတူ စစ်ကောင်စီတပ်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပြီးနောက်တွင် စစ်ကောင်စီတပ်စွဲထားသည့် ကော့ကရိတ်မြို့အဝင် ကမိုင်ကုန်းကျေးရွာ လမ်းဂွ ဒေါနရေကူးကန်နှင့် ချောင်းဦးစေတီနေရာများတွင် မြေပြင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း တော်လှန်ရေးရဲဘော်များကပြောသည်။

Photo: CJ

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက”လေယာဉ်ပြန်တော့ ရေကူးကန်နဲ့ ချောင်းဦးစေတီမှာ တိုက်ပွဲ ထပ်ဖြစ်တယ်။ စစ်ကောင်စီတွေရှိသေးလားတော့အတိအကျမသိရသေးဘူ။ နယ်မြေရှင်းလင်းရေး မလုပ်ရသေးတော့ အားလုံး မသိရသေးဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

နှစ်လနီးပါး ဖြစ်ပွားနေပြီး ဖြစ်သည့် ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာ နေဆဲဖြစ်ပြီး တိုက်ပွဲများလည်း ပိုမိုပြင်းထန်လာသည့် အနေအထားတွင်ရှိနေကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် မြို့အတွင်းတိုက်ပွဲကြောင့် လက်ရှိတွင်အရပ်သားပြည်သူများ၏ နေအိမ် အလုံး ၂၀၀ ကျော် မီးလောင် ပျက်စီးသွားပြီးဖြစ်သလို တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသေးသောကြောင့် ပျက်စီးဆုံးရှုံးမှုများ ထပ်မံ ကြုံတွေ့ရနိုင်သည့် အလားအလာများရှိကြောင်း ကော့ကရိတ် ဒေသခံများကဆိုသည်။