Home သတင်း ဖားအံတွင် BGF တပ်ဖွဲ့ဝင်များ စစ်တပ်နှင့် လုံခြုံရေး ပူပေါင်းလှုပ်ရှားဆောင်ရွက်မှုမရှိတော့

ဖားအံတွင် BGF တပ်ဖွဲ့ဝင်များ စစ်တပ်နှင့် လုံခြုံရေး ပူပေါင်းလှုပ်ရှားဆောင်ရွက်မှုမရှိတော့

1197
Photo: CJ

ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့လုံခြုံရေးအတွက် စစ်ကောင်စီတပ် နှင့် ပူပေါင်းလှုပ်ရှားစစ်ဆေးရသည့် နယ်ခြား စောင့်တပ်(BGF) တပ်ဖွဲ့ဝင်များ မြို့လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းမရှိတော့ဘဲ ၎င်းတို့ အခြေစိုက်ရာ လုံခြုံရေးကင်းစခန်းများ၊ BGF အရာရှိများ နေအိမ်ခြံဝင်းများတွင်သာ စုဖွဲ့နေထိုင်နေကြကြောင်း မျက်မြင်တွေ့ ရှိသည့် ဖားအံမြို့ ခံများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း BGF အနေဖြင့် စစ်ကောင်စီထံမှ လစာ၊ ရိက္ခာများ မယူတော့ဘဲ သီးခြား ရပ်တည် သွားရန် ဖြစ်လာပြီးနောက် ယခုလို စစ်ကောင်စီ နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ မတွေ့ရှိရတော့ ကြောင်း ဖားအံမြို့ခံ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “BGF တွေ စစ်တပ်လက်အောက် မနေတော့ဘူးဆိုတာ သတင်းထွက်လာပြီးတော့ အခု ထောင်ဝိရပ် ကွက် စစ်ဆေးရေးဂိတ်တို့ လမ်းဂွစစ်ဆေးရေးဂိတ်တို့ မြို့ထဲ ကင်းပတ်တဲ့အဖွဲ့ ၊ ယာဉ်စစ်အဖွဲ့တို့ BGF ပါနေတာ လှည့်နေတာမတွေ့တော့ဘူး။ သူတို့ BGF အရာရှိတွေရဲ့ နေအိမ်ခြံဝင်းတွေ၊ ဟိုတယ်တွေ၊ ပန်းခြံတွေမှာဘဲ ပြန်စု ပြီး နေနေတာတွေ့တယ်။ စစ်တပ် နဲ့ တွဲပြီး နေတာတော့ မတွေ့ တော့ဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ဖားအံမြို့ BGF လုံခြုံရေးတာဝန်ခံအရာရှိများအနေဖြင့်လည်း စစ်တပ်၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ နှင့် ပူးပေါင်း၍ လုံခြုံရေး သွားလာ လှည့်ပတ်တာမျိုး မတွေ့ရတော့ကြောင်းလည်း ဖားအံမြို့ ရပ်ကွက်နေ ဒေသခံများက ဆိုသည်။

အလားတူ ယခုလို BGF တပ်ဖွဲ့များ သီးခြားရပ်တည်တော့မည့်သတင်းများထွက်လာပြီးနောက်ပိုင်း BGFသို့ စီးပွားရေးအရ တပ်ဖွဲ့ဝင်အဖြစ် ဝင်ထားသည့် စီးပွားရေးလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေး၊ ကားလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ကုန်သည်၊ တရားမဝင်စားသောက်ဆိုင် နှင့် KTV ဆိုင်ပိုင်ရှင်များအနေဖြင့် လတ်တလောတွင် တိမ်းရှောင်နေထိုင်သူ အချို့ ရှိနေကြောင်းလည်း နောက်ထပ် ဖားအံမြို့ခံ တစ်ဦးက ယခုလိုပြောသည်။

Photo: CJ

၎င်းက “မြို့ကစစ်တပ် နဲ့ BGF ကြီးစိုးနေတော့ BGF ထဲဝင်ပြီး တပ်ဖွဲ့ဝင် အရေခြုံလုပ်ငန်း လုပ်စားကြသူတွေ၊ BGFတပ် ကျောထောက်နောက်ခံယူပြီး စီးပွားရေး လုပ်ကိုင်ကြသူတွေ အခု BGF ခွဲထွက်မယ့် သတင်းဖြစ်တော့ BGFတွေ စစ်တပ်နဲ့ ပြဿနာ ဖြစ်ရင် သူတို့စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာမှာ စိုးရိမ်ကြလို တချို့ ရှောင် နေကြတယ်။ တချို့က အခြေအနေကြည့်ပြီး နေကြတယ်။ ဘာဆက်ဖြစ်မလဲတော့ မသိကြဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

လတ်တလော BGF တပ်အနေဖြင့် စစ်တပ် လက်အောက်က ခွဲထွက်ပြီး သီးခြားရပ်တည်မည့် ဆုံးဖြတ်ချက်အရ ကြာအင်းဆိပ်ကြီး၊ ကျိုက်မရော၊ တောင်ကလေး၊ ချောင်းနှစ်ခွ နှင့် တောင်ကြာအင်းလမ်းပိုင်း မှ BGF တပ်များ ၎င်းတို့ မိခင်တပ်ရင်းနေရာများ နှင့် စစ်ကတုတ်နေရာများအား ပြန်လည် ဆုတ်ခွာရန် အမိန့်စောင့်ဆိုင်းနေကြ သည့် အခြေအနေဖြင့် ဆက်လက် စုဖွဲ့နေထိုင်နေကြကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များထံမှ သိရ သည်။

စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်(BGF) အသွင်မှ ခွဲထွက်၍ သီးခြားရပ်တည်သွားမည့်ဆုံးဖြတ်ချက်အပေါ် ပြန်လည်စဉ်းစားရန် စစ်ကောင်စီ၏ ဒုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က BGF ထိပ်ပိုင်းခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံ ညှိနှိုင်းပြောဆိုခဲ့သော်လည်း ညှိနှိုင်းမှု အဆင် မပြေခဲ့ကြောင်း BGF ဘက်ကပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့က စစ်ကောင်စီ ဝန်ကြီး မောင်မောင်အုန်း နှင့် ဗိုလ်ချုပ် သက်ပိုင်ဦး တို့က ဗိုလ်မှူးချုပ် စောချစ်သူ နေထိုင်ရာ လှိုင်းဘွဲမြို့နယ်ရှိ ကြာအင်းကျေးရွာသို့ ကနဦး လာရောက် တွေ့ဆုံ ညှိနှိုင်းခဲ့သေးပြီး ညှိနှိုင်းမှုအဆင်မပြေသောကြောင့် စစ်ကောင်စီ ဒုခေါင်းဆောင် ကိုယ်တိုင် လာရောက် တွေ့ဆုံ ညှိနှိုင်းရသည့်အထိဖြစ်ပေါ်ခဲ့သည်။