ဒီဇင်ဘာလ ၂၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်၏ မိုလိုကျိုး ခေါ် ဖဲထာနှင့် စောထာစစ်စခန်း ၂ ခုကို ဒီဇင်ဘာလ(၁၆)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်မှုအပြီး စစ်ကောင်စီတပ်သား ၇၀ ဦးသေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်သတင်းစဉ်က ယမန်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၅၇) အခြေစိုက်သည့် မိုလိုကျိုး ခေါ် ဖဲထာစစ်စခန်း နှင့် စောထာစခန်း နှစ်ခုသည် ကရင်နှင့် ကရင်နီနယ်စပ်ကြားတွင်ရှိပြီး ၁၉၉၂ ခုနှစ်မှစတင်၍ ၃၁ နှစ်ကြာ အခိုင်အမာတပ်စွဲထား သည့် စခန်းဖြစ်ပြီး စခန်းတိုက်ခိုက်သိမ်းယူမှုကို ကရင်နီတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူက ဆိုသည်။
အဆိုပါစစ်စခန်း နှစ်ခုတိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၇၀ဦး တွေ့ရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိသလို KNLA ပူးပေါင်းတပ်ဘက်မှ ရဲဘော် ၅ ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထို့အပြင် စခန်းအတွင်း (၈၁ မမ) စိန်ပြောင်း၊ RPG-7တစ်လက်၊ K-3မော်တာ ၃လက်၊ K-3 (၁၆) လက်၊ G-3တစ်လက်၊ စက်လတ်တစ်လက်၊ BKM စက်လတ် တစ်လက်၊ အသေးစား စက်လတ်တစ်လက်၊ (၆၀မမ) ပြောင်းတိုတစ်လက်၊ (၉မမ) ပစ္စတို (၂) လက်၊ ခွင်းဗုံး(၁၇)လုံး၊ လက်ပစ်ဗုံး (၁၂) လုံး၊ 14mm နင်းမိုင်း(၉၁)လုံး၊ 16mmနင်းမိုင်း(၁၂)လုံး၊ တိုက်မိုင်း(၁၂)လုံး၊ ရှေ့ထွက်မိုင်းပြား(၈)ချပ်၊ မိုင်းရှင်းစက်တစ်လုံး၊ ဆက်သွယ်ရေး စက်ကြီးတစ်လုံးနှင့် ဒရုန်း ပစ်သေနတ်တစ်လက်အပြင် ကျည်ဆန် ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ ကြောင်း အသေးစိတ်ဖော်ပြထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်၏ စစ်စခန်းကြီး ၂ ခုသည် ဒေသတွင်းကူးလူး သွားလာသည့် ပြည်သူများအပေါ် စားနပ်ရိက္ခာများ အတင်းအဓမ္မတောင်းရမ်းစားသောက်ခြင်း၊ စစ်ဆေးခြိမ်းခြောက်မှုများ၊ ငွေညှစ်တောင်းရမ်း ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိပြီး စခန်းသိမ်းယူမှုကို KNLA တပ်ဖွဲ့ဝင်များနှင့်အတူ ကရင်နီအမျိုးသားတိုး တက်ရေးတပ်မတော် (KNPP) နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်မတော် (KNPLF) ပူးပေါင်း တပ်ဖွဲ့ဝင်များကပါဝင်တိုက်ခိုက်ခဲ့သည်။
ထို့အတူ မိုလိုကျိုးစစ်စခန်းမှ ထွက်ပြေးသွားသည့် (ခလရ-၅၇) တပ်သားများသည် သံလွင်မြစ်ကမ်းနား နှင့် အလှမ်းဝေးသည့် ကော်ဝေကျိုးတွင်တပ်စွဲထားသော စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၄၄၀) တပ်များနှင့် ပြန်လည်ပူးပေါင်းသွားကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အလားတူ မိုလိုကျိုး၏တောင်ဖက် ၅ ကီလိုမီတာအကျော် သံလွင်မြစ်နှင့် မလှမ်းမကမ်း တောင်ကုန်းတစ်နေရာ တွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်၏ စော်ထာစခန်းမှာမူ KNLA ပူးပေါင်းတပ်ဖွဲ့များက မိုလိုကျိုးကို တိုက်ခိုက်သိမ်းယူမှုအပြီး စစ်ကောင်စီတပ်သားများက စခန်းကို စွန့်၍ ခလရ(၅၇)တပ်သားများနည်းတူ ကော်ဝေကျိုးရှိ ခမရ(၄၄၀)နှင့် ပြန်လည်ပူးပေါင်းသွားကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။



















