ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်အတွင်း ဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရန်နှင့် စေတီ တည်ရန် အကြောင်းပြချက်ဖြင့် လောင်းကစားဝိုင်းများမှ ရန်ပုံငွေရှာဖွေနေမှုများ ရှိနေကြောင်း ဒေသတွင်း သတင်းအ ရင်းအမြစ်များထံမှ သိရသည်။
ထိုသို့ တရားမဝင် လောင်းကစားဝိုင်းများကို အဆိုပါအကြောင်းပြုချက်ဖြင့် ရန်ပုံငွေရှာဖွေနေကြသူများထဲတွင် သံဃာ များလည်း ပါဝင်နေကြသည့်အပြင် လာမည့် ကရင်နှစ်သစ်ကူးနေ့အတွက် ကျပ်ငွေ သိန်းရာနှင့်ချီ ပေးနိုင်ပါက လောင်း ကစားဝိုင်းနေရာ ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ပြောဆိုလာမှုများ ရှိနေသည်။
အမည်မဖော်လိုသူ ဒေသခံ ရွာသူတစ်ဦးက “ဒီကရင်နှစ်သစ်ကူးအတွက် လောင်းကစားဝိုင်း အပါအဝင်ပေါ့။ ပွဲတစ်ခုရ ဖို့ သိန်းကို ရာနဲ့ချီပြီး ဘယ်ဘုန်းကြီးက ဘယ်လောက်တောင်းတယ်ဆိုတာမျိုး ပြောတာကြားတယ်။ လေလံဆွဲတဲ့ပုံစံ ရန်ပုံငွေရှာတဲ့သဘောပဲ။ ပြီးရင် ဝိုင်းက ရတာ ကန်ထရိုက်ယူတဲ့သူက အကုန်ယူပေါ့။ အခုက နှစ်ကူးမရောက်သေး တော့ လက်တွေ့ မလုပ်ကြသေးဘူး။ ဒါပေမဲ့ အဲ့လိုလောင်းကစားဝိုင်းလုပ်ချင်တယ်ဆိုရင် ပေးရမယ်ဆိုတဲ့ပုံစံမျိုး ပြော ထားတာ။”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့်လပိုင်းနှင့် ယခု ဒီဇင်ဘာလအတွင်း ဖားအံမြို့နှင့် လှိုင်းဘွဲမြို့ရှိ ကျေးရွာ၊ ရပ်ကွက်အချို့တွင် စစ်တပ်လက် အောက်ခံများနှင့် နယ်ခြားစောင့်တပ်-BGF ဘက်မှ စီစဉ်ပြုလုပ်သည့် တရားမဝင် လောင်းကစားဝိုင်းများသို့ သင်္ကန်း ဝတ်နှင့် ရဟန်းသံဃာအချို့ လာရောက်ကစားကြကြောင်း နယ်မြေတွင်းက ရရှိသည့် သတင်းအချက်အလက်များအရ သိရသည်။
ကစားဝိုင်း သွားရောက်ကစားကြသူများတွင် အရပ်သားများနှင့်အတူ ရဟန်းသံဃာများပါမကျန် ပါဝင်နေသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူများက လက်ရှိအချိန်တွင် အရေးယူမှုထက် ပညာပေးမှုအဆင့်သာ ဆောင်ရွက် နိုင်သေးကြောင်း ကေအဲန်ယူ၊ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက ယခုလို ပြောသည်။
၎င်းက “လောင်းကစားဝိုင်းတွေ ကစားတာ ဟိုး ဘုန်းကြီးကအစ ကစားနေတာ ရှိတယ်။ သူတို့ကျောင်းဆောက်မယ်။ စေတီတည်မယ်။ ရန်ပုံငွေမရှိတော့ လောင်းကစားဝိုင်းတွေထောင်ပြီးတော့ ရန်ပုံငွေကောက်ခံတဲ့အပိုင်းက အများကြီးရှိ တဲ့အပေါ်မှာ ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီးတော့ ပညာပေးနေတဲ့အဆင့်ပဲ ရှိနေပါတယ်။ အခုကတော့ လုပ် တာသိရင် ရပ်ဆိုင်းခိုင်းလိုက်တယ်။ ပညာပေးတယ်လို့ပဲ ပြောရမှာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြင်းထန်စွာ ဆောင်ရွက်ပါက ဘာသာရေး ပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်ကြောင်းနှင့် မကြာ ခင်ကာလတွင် ခရိုင်အတွင်းရှိ မြို့နယ် ၅မြို့နယ်မှစ၍ ပြုပြင်ထိန်းသိမ်းရေးနေရာများထားရှိရန် ကေအဲန်ယူအနေဖြင့် စီစဉ်နေသလို လောင်းကစားဝိုင်းအတွင်း ပါဝင်ပတ်သက်သူ ရဟန်းသံဃာများ အပါအဝင် အဖွဲ့အစည်းများကိုလည်း ပညာပေးအဆင့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကေအဲန်ယူ၊ ဖားအံခရိုင်ဘက်က ပြောဆိုသည်။
“တပ်မဟာ (၇) ဖားအံခရိုင်အတွင်းကစပြီး တဖြည်းဖြည်း တိုးချဲ့သွားဖို့လည်း စဉ်းစားထားပါတယ်။ ဘတ်ဂျက်အနေအ ထားအရ နေရာအရ အများကြီးလိုအပ်တာရှိတယ်။ အရင်ဆို ကျနော်တို့ ဖမ်းလိုက်တာက ကလေး ငါးယောက်အမေ ဖြစ်နေတယ်။ အဖေကလည်း ဘယ်သွားမှန်းမသိဘူး။ အမေတစ်ယောက်ကလည်း သူ့ကလေး နို့ဖိုးရဖို့ သူလုပ်တာတဲ့။ တစ်ယောက်ကိုအရေးယူပြီးရင် နောက်ဆက်တွဲက အခက်အခဲတွေ အများကြီးရှိတယ်။”ဟု ပဒိုစောအောင်မော်အေးက ဆက်ပြောသည်။
ကေအဲန်ယူ၊ ဖားအံခရိုင်သည် လောင်းကစားပပျောက်ရေးအတွက် လက်နက်ကိုင်လေးဖွဲ့ ပါဝင်သည့် ကရင်လက်နက် ကိုင်စည်းလုံးညီညွတ်ရေးကော်မတီက ၂၀၂၃ခုနှစ်၊ မတ်လ ၂၉ရက်နေ့တွင် လက်မှတ်ရေးထိုး၍ လောင်းကစားပြုလုပ် လျှင် ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ခဲ့သည့် နယ်မြေတစ်ခုဖြစ်သည်။
သို့သော်လည်း ဆက်ရှိနေသေးသည့် လောင်းကစားဝိုင်းများကြောင့် ကျေးရွာများအတွင်း နောက်ဆက်တွဲ ပတ်ဝန်းကျင် အနှောက်အယှက်ဖြစ်မှု၊ ခိုးမှု၊ လုယက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုများလည်း များပြားလာကြောင်း ဒေသခံများက ပြောဆိုသည်။
ဒီဇင်ဘာလ (၁၁)ရက်နေ့က နဘူး၊ ထီလုံရွာအနီးနှင့် လှိုင်းဘွဲ၊ ရွာသစ်ကျေးရွာများဘက်တွင် လောင်းကစားဝိုင်းနှစ်ခု ဝင်ရောက်ဖမ်းဆီးခံရပြီးနောက် ဖားအံမြို့နှင့် လှိုင်းဘွဲမြို့အတွင်းရှိ အခြားဝိုင်းများလည်း ငြိမ်သက်နေသည်ဟု နယ်ခံ များ၏ ပြောပြချက်အရ သိရသည်။



















