Home သတင်း Non-CDM များကို လူ့အခွင့်အရေးနှင့်အညီ ကြိုဆိုသင့်ကြောင်း GSCN တိုက်တွန်း

Non-CDM များကို လူ့အခွင့်အရေးနှင့်အညီ ကြိုဆိုသင့်ကြောင်း GSCN တိုက်တွန်း

930

နိုဝင်ဘာလ ၂၇ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် အချိန်ကြာမြင့်စွာ လက်နက်ကိုင်ဆောင်လာသည့် အကြမ်းဖက် စစ်တပ်များသည် ပြည်သူ့ထံသို့ ဝင်ရောက်ခိုလှုံသောအခါတွင် ပြည်သူများမှ လူ့အခွင့်အရေးနှင့်အညီ ကြိုဆိုသကဲ့သို့ Non-CDM ဝန်ထမ်းများကိုလည်းထိုနည်းတူစွာ ကြိုဆိုသင့်ကြောင်း လူမျိုးပေါင်းစုံအထွေ ထွေသပိတ်ကော်မတီ (General Strike Committee of Nationalities-GSCN )က နိုဝင်ဘာလ ၂၅ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ကာ ပြောဆိုသည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် နိုင်ငံဝန်ထမ်း CDM ပြုလုပ်နိုင်ရန် လမ်းဖွင့် ပေးထားခြင်းဖြင့် အာဏာ သိမ်း စစ်ကောင်စီလက်အောက်တွင် ယနေ့ချိန်ထိ ဌာနဆိုင်ရာ အသီးသီးတွင် လုပ်ကိုင်လျက်ရှိသည့် Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်မှ လက်နက်တပ်ဆင်ပေးခြင်း၊ လုံခြုံရေးတာဝန်များ ထမ်းဆောင်စေသည့် ကိစ္စများမှ ပိုမိုရှောင်ထွက်လာနိုင်မည်ဖြစ်သည်ဟု ပြောဆိုထားသည်။

GSCN နိုင်ငံရေးအလုပ်အဖွဲ့တာဝန်ခံတစ်ဦး ဖြစ်သည့် ရဲဘော်ညဏ်က “ နိုင်ငံရေးအဖွဲ့အစည်းတခုအနေနဲ့ ‌အခုလို အရေးကြီးတဲ့ အပိုင်းအခြားဖြစ်သလို ထုတ်ပြောသင့်တဲ့ အချိန်ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ သဘောထားကို ထုတ်ပြန်တာပါ။ စစ်ရေးလှုပ်ရှားမှု ကျယ်ပြန့်လာတဲ့ အချိန်မှာ အရပ်သားဝန်ထမ်းတွေနဲ့ပတ်သက်ပြီး နိုင်ငံရေး အရမူတွေ၊ သဘောထားတွေ အရေးကြီးပါတယ်။ တော်လှန်ရေးအတွက် အရေးကြီးတဲ့ စည်းရုံးရေးအတွက်ကော၊ လူ့အဖွဲ့အစည်းအတွင်းက တရားမျှတမှု အတွက်ကော အ‌ထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် တရားမျှတမှုအ‌ခြေမခံသော မူဝါဒထုတ်ပြန်ခြင်းနှင့် ကြေညာခြင်းသည် Non-CDM များအား စစ်တပ်နှင့် ပို၍ပူးပေါင်းစေရန် တွန်းပေးသကဲ့သို့ဖြစ်ပြီး စစ်အုပ်စုအား သက်ဆိုးရှည်စေနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် အကျိုးသင့်၊ အကြောင်းသင့် ဆင်ခြင်မှုဉာဏ်ဖြင့် တိုက်ပွဲဆင်နွှဲမှသာလျှင် မိမိတို့တည်ဆောက်ချင်သည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွင်း ရေရှည် တည်တံ့သည့်ငြိမ်းချမ်းရေးရရှိနိုင်မည်ဖြစ်ကြောင်းလည်း လူမျိူးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (General Strike Committee of Nationalities – GSCN) ကို တိုင်းရင်း သားလူမျိုး၂၇ မျိုးဖြင့် ‌၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အာဏာရှင် စနစ်အမြစ်ဖြတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊ မတရားဖမ်းဆီးခံရသူများလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေသည့် ကော်မတီတစ်ခုဖြစ်သည်ဟု သိရသည်။