Home သတင်း မြိတ်မြို့နယ်အတွင်း ညမထွက်ရအချိန်တိုး၍ ဖမ်းဆီးမှုများပြုလုပ်နေ

မြိတ်မြို့နယ်အတွင်း ညမထွက်ရအချိန်တိုး၍ ဖမ်းဆီးမှုများပြုလုပ်နေ

1439
Photo: Internet

နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညမထွက်ရအချိန်ကို ပြန်လည်တိုးမြင့်ပြီး ဖမ်းဆီးမှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ၂၇ရက်နေ့မှစတင်ပြီး မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ လက်မှတ်ဖြင့် ည ၁၂ နာရီမှ နံနက် ၃ နာရီသို့ လျှော့ချသတ်မှတ်လိုက်သော်လည်း ယခုနိုဝင်ဘာလ ၂၃ရက်နေ့မှစတင်ကာ ည ၈ နာရီနောက်ပိုင်း မထွက်ကြရန် နုတ်မိန့်ဖြင့် လိုက်လံကြေညာထားကြောင်း မြိတ်မြို့နေဒေသခံတစ်ဦးက ပြော သည်။

၎င်းဒေသခံက “အခုရက်ပိုင်းမှာ ရပ်ကွက်တွေမှာ စစ်သားတွေက လိုက်ပြောတယ်။ သူတို့စိတ်တိုင်းကျ လုပ် နေတာ။ တရားဝင်ထုတ်ပြန်တာလည်းမဟုတ်တော့ ကြားထဲက မြို့မှာ စစ်လာရှောင်တဲ့ဒေသခံတွေ ဒုက္ခပို ရောက်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ညမထွက်ရအမိန့်ကို လိုက်လံကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပေါ်တာဆွဲ မည်ဟူသောသတင်းများထွက်ပေါ်လာခြင်းကြောင့် ဒေသခံများအနေဖြင့် အပြင်ထွက်လုပ်ကိုင်ရသည့် အလုပ်အကိုင်များကိုပါ ရပ်နားထားရကြောင်း ဒေသခံများက ပြောသည်။

“ညမထွက်ရအမိန့်ပြန်ထွက်ပြီးတော့ ပေါ်တာဆွဲတဲ့သတင်းတွေ ကြားနေရတယ်။ အဲ့ဒါကြောက့် ပန်းရံသမားတွေ မုန့်ပို့တဲ့သူတွေ အကုန်အလုပ်ရပ်ထားရတယ်။ အလုပ်အကိုင်ရှားပါတယ်ဆို အဲ့လိုဖြစ်လာတော့ စားဝတ်နေရေး ခက်ခဲလာတယ်။”ဟု အခြား မြိတ်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြိတ်မြို့နယ်တွင် အမျိုးသား(၂)ဦးဆိုင်ကယ်စီးခြင်းကို စစ်ကောင်စီက ပြင်းထန်စွာ တင်းကြပ်ထားပြီး ညဘက်အချိန် မှောင်ရိပ်ခိုလိုက်လံဖမ်းဆီးခြင်းနှင့် သေနတ်ဖြင့်အကြောင်းမဲ့လိုက်လံပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများပြောစကားအရ သိရသည်။