နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် (၂)ရပ်ကွက်တွင် ယမန်နေ့ညက စစ်ဘေး တိမ်းရှောင်နေသည့် ပြည်သူနေအိမ်နှစ် လုံးမီးလောင်ပျက်စီး သွားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားချိန်တွင် ညသန်းခေါင်ယံချိန်ဖြစ်၍ နေအိမ်မီး လောင်ရသည့် အကြောင်းအရင်းကို မသိရှိရဘဲ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ယခုလို ပြောသည်။
” ထမင်းချက်ပြီး မီးမငြိမ်းလို့ဖြစ်တာလား၊ ရှို့မီးလား၊ လက်နက်ကြီးကျတာလား မသဲကွဲဘူး။ တစ်ချို့ကလက်နက်ကြီးသံကြားရတယ် ပြောတယ်။ ညသန်းခေါင်းယံအချိန်ဖြစ်တော့ သူများရှို့တာလား မတွေ့ရတော့ ပြောရခက်တယ်။”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
အဆိုပါ ရပ်ကွက်အတွင်း နေအိမ်မီးလောင်မှုဖြစ်ပွားချိန်တွင် မတိမ်းရှောင်ဘဲ ကျန်ရှိ နေသည့် အိမ်စောင့်ရပ်ကွက်သားအချို့က ဝိုင်းဝန်းမီးငြိမ်းသတ်သဖြင့် နေအိမ် ၂ လုံးသာ မီးလောင်ပျက်စီးခဲ့ပြီး ရပ်ကွက်သားများ ဝိုင်းဝန်းမီးငြိမ်းမှုမလုပ်ဆောင်လျှင် တစ်ရပ်ကွက်လုံး မီးလောင်ပြာကျနိုင်ကြောင်း မြို့ခံပြည်သူများက ပြောသည်။
ယခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့တွင် တိုက်ပွဲများပိုမိုပြင်းထန်လာမည်ဟု ကောလာဟလ သတင်းကြောင့် မြို့ခံပြည်သူများစုသည် အခြား အရပ်ဒေသများသို့ အများအပြားထွက်ပြေးတိမ်းရှောင်နေကြကြောင်းမြို့ခံပြည်သူများကပြောသည်။
အခြားမြို့ခံတစ်ဦးက “မြို့ခံတွေအလွန်ဆုံး ၃ပုံမှာ ၁ ပုံပဲကျန်တော့ မယ်။ ဆိုင်တွေတောင် အကုန်မဖွင့်ကြတော့ဘူး။ မြဝတီဘက်လား၊ ဖားအံဘက်လား နေရာစုံပြေးကြတယ်။ အိမ်စောင့်ဖို့တစ်ယောက်တစ်လေပဲကျန်တော့တယ်”ဟု ပြောသည်။
ထို့အပြင် မြို့တွင်းတိုက်ပွဲဖြစ်လာနိုင်သည့် ကောလာဟလသတင်းများ ထွက်ပေါ် လာသည့်တချိန်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့သည်လည်း လက်နက်ကြီး များရမ်း သမ်းပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ရပ်ကွက်နေအရပ်သားပြည်သူများနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိနေကြောင်း ဒေသခံများက ပြောသည်။



















