Home သတင်း ကေအဲန်ယူတပ်မဟာ ၆ နယ်မြေတိုက်ပွဲအတွင်း အရပ်သားအပါအဝင် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိနေ

ကေအဲန်ယူတပ်မဟာ ၆ နယ်မြေတိုက်ပွဲအတွင်း အရပ်သားအပါအဝင် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိနေ

1019
Photo: Crd.

အောက်တိုဘာ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ ဒေသများတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ၃ ရက်တာ တိုက်ပွဲအတွင်း အရပ် သားပြည်သူများအပါအဝင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေကြောင်း နယ်မြေခံစစ်ရေး သတင်းအရင်း အမြစ်များပြောစကားအရ သိရသည်။

အောက်တိုဘာလ ၂၆ ရက်ညပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်က ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်း ဆိပ်ကြီး၊ ကျိုက်ဒုံဒေသကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်သည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ် အတွင်း နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

၎င်းသတင်းအရင်းအမြစ်က“အရပ်သားတွေ တံတားဦး၊ မြို့တော်ဦးဘက်တွေ မှာ ၄ ယောက်လောက် သေတယ်။ ကလေးအပါအဝင် ၆ ယောက်လောက် ဒဏ်ရာရကုန်တယ်။ ကရင်အဖွဲ့၊ PDF အဖွဲ့တွေ ဘက်မှာ ၁၀ ‌ယောက်ကျော် ဒဏ်ရာရတယ်။ ဒါကကော့ကရိတ် မြို့တွင်းမြို့ပြင် တိုက်ပွဲမှာပေါ့။ တခြား ကျိုက်ဒုံ၊ အဇင်း၊ ကြာအင်းဆိပ်ကြီးဘက်မှာလည်း ရွာသားရော၊ စစ်တပ်နဲ့ တော်လှန်ရေး အဖွဲ့တွေရော ထိခိုက်တာသေဆုံးတာတွေ ရှိနေတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလော ကရင်ပြည်နယ်အတွင်း တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေသည့်အတွက် မြဝတီ၊ ကော့ကရိတ်၊ ဖားအံ၊ မော်လမြိုင်လမ်းပိုင်းများတစ်လျှောက် နှစ်ဖက်စစ်ရေးဆက်လက် တင်းမာနေဆဲ အခြေအနေ ဖြစ် ကြောင်း ဒေသအတွင်း ဖြတ်သန်းသွားလာနေသူများက ပြောသည်။

Photo: Crd.

“မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖားအံ၊ မော်လမြိုင်၊ အာရှလမ်းမ‌ကြီး တစ်လျှောက်ကတော့ လမ်းပိတ်လိုက်၊ ပစ်ခတ်လိုက်၊ လမ်းပြန်ဖွင့်ပေးလိုက်၊ စစ်ဆေးလိုက်နဲ့တော့ အဲ့ဒီကြားကပဲ သွား လာ နေကြရတယ်။ စစ်တပ်ဂိတ်က စစ်ဆေးရင်လည်း ဂိတ်ကြေးပေးဖြတ်လိုက်၊ PDF အဖွဲ့ တွေ စစ်ဆေး ရင်လည်း မုန့်ဖိုး ၊ ဆေးလိပ်၊ ကွမ်းပါတာလေး ပေးခဲ့လိုက် နဲ့ပဲ ကားသွားနေရတယ်ဗျာ”ဟု ဖားအံ-မြဝတီ ကားမောင်းပို့သူက ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် သီတင်းကျွတ်ပွဲတော် ကျင်းပရေး၊ မြို့နယ်လုံးကျွတ် ဘောလုံးပြိုင်ပွဲ၊ ပြည်နယ်နေ့ကျင်းပရေး၊ ပျော်ပွဲရွှင်ပွဲများဖြင့် ဖားအံမြို့စည်ပင် သာယာရေးလုပ်ဆောင်နေသော်လည်းဒေသအတွင်း စစ်ရေးတင်းမာနေမှုနှင့် ဒေသခံများအပေါ် စစ်ဆေးတင်းကြပ်မှုများကြောင့် မြို့ပေါ်နေစစ်ကောင်စီနှင့် ပတ်သက်သည့်သူများမှအပ ကျန်ဒေသ ခံများမှာ လူမှုစီးပွားဘဝများ ခက်ခဲနေကြရကြောင်း မြို့ခံသတင်းအရင်း အမြစ်များက ပြောသည်။