Home သတင်း ကျိုက်ထိုမြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ကျိုက်ထိုမြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

986
Photo: PAN

အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်နေ ရပ်ကွက်ရာအိမ်မှူးတစ်ဦး ပြီးခဲ့သည့် အောက်တိုဘာလ(၂၆)ရက်နေ့က အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့အပြန် အမည်မသိလက်နက်ကိုင်အဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ကျိုက်ထိုမြို့အတွင်းရှိ စစ်တပ်ထောက်ခံပွဲအချို့တွင် ယခင်က ပါဝင်ခဲ့ဖူးသော အသက်(၅၉)နှစ်အရွယ် ဦးကျော်မင်းဦးဆိုသူအား ထိုနေ့ညနေပိုင်းက လက်နက်ကိုင် ဆောင်ထားသော လူတစ်စုမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ပေါင်ရင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူကရာအိမ်မှူးလည်းလုပ်တယ်၊ ရုံးအကူစာရေးလည်းလုပ်တယ် တရားဝင်တော့ မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးကရုံးမထိုင်တော့ သူ့ကိုအကုန်လွှဲ ထားပေးတာ။ ဘာကြောင့်သတ်ခံရလဲတော့မသိ သူသတ်ခံရတဲ့နေရာနားက CCTV လိုက်ရှာပြီး လုပ်သွားတဲ့သူကိုရှာဖို့ သက်ဆိုင်ရာတွေက ကြိုးစားနေတယ်တဲ့။ CCTV ကတော့ မရှိဘူးလို့ကြားတယ်” ဟု အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက ပြောသည်။

၎င်း အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါရပ်ကွက်အတွင်း ပိတ်ဆို့ စစ်ဆေးခြင်း၊ နီးစပ်သူများအား ခေါ်ယူမေးမြန်းခြင်းတို့ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

စစ်ကောင်စီထိန်းချုပ်သည့် လူမှုကွန်ရက်စာမျက်နှာအချို့တွင်မူ ငယ်ဒိုးကျေးရွာ ဘက်မှ ဆိုင်ကယ်မောင်းနှင်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် (၆)ချက်ခန့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမှုအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဆိုထားသည်။

ကျိုက်ထိုမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၁)၏ အုပ်ချုပ်မှု နယ်မြေအတွင်းရှိပြီး တော်လှန်ရေးအင်အားစုများက KNU နှင့်ပူးပေါင်းကာ နယ်မြေစိုး မိုးနိုင်ရေး လှုပ်ရှားလျက်ရှိသောဒေသဖြစ်သည်။

ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီနှင့်ပူးပေါင်း၍ လူထုအပေါ် အကြမ်းဖက်အနိုင်ကျင့်မှု လုပ်ဆောင်သူများအား သတိပေးခြိမ်းခြောက် ခြင်းနှင့်အရေးယူမှုများ ပြုလုပ်လျက်ရှိသည်ဟု တော်လှန်ရေးအင်အားစုအသီးသီး၏ မစ်ရှင်ပြီးမြောက်ကြောင်း ထုတ်ပြန်ချက်များမှ တဆင့်သိရသည်။

ယခုဖြစ်စဉ်သတင်းနှင့်ပတ်သက်၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မတွေ့ရှိရသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ(၁၅)ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်တစ်ဦး အင်္ဂဘိုကျေးရွာ အနီးတွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့သေးသည်။