အောက်တိုဘာ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် စစ်ကောင်စီ ပြုလုပ်ကျင်းပမည့် ထား ဝယ်ရိုးရာ သပိတ်မျှောပွဲတော်တွင် စစ်ကောင်စီမှ မိဘပြည်သူများကို အန္တရာယ်ပေးနိုင်သည့် အတွက် ပွဲလမ်းသဘင်များကို ရှောင်ရှားရန်အတွက် အောက်တိုဘာ ၂၆ ရက်နေ့ညက ထားဝယ်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ထားဝယ်-ပကဖ) ထုတ်ပြန်ခဲ့သည်။
သီတင်းကျွတ်အချိန်ကာလအတွင်း အာဏာသိမ်းစစ်ကောင်စီမှ ဦးဆောင်ကျင်းပပြုလုပ်မည့် ထား ဝယ်ရိုးရာ သပိတ်မျှောပွဲတော်နှင့် အခြားပွဲလမ်းသဘင်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြည်သူ့ ကာကွယ်ရေးတပ်သားများ၏ ပုံရိပ်ဖက်အပြစ်ပုံချနိုင်ရန်အတွက် နည်းမျိုးစုံအသုံးပြုကာ မိဘပြည် သူများအား အန္တရာယ်ပေးနိုင်သည့်အတွက်ကြောင့် ပွဲလမ်းသဘင်များ မသွားကြရန် ထားဝယ် ပကဖ ပြန်ကြားရေး တာဝန်ခံရဲဘော်ရောင်နီက ယခုလိုပြောသည်။
“အခုပွင့်လင်းရာသီကရောက်နေပြီး။ ထားဝယ်ခရိုင်အတွင်းမှာဆိုရင် ရေဖြူမြို့နယ်ရှိမယ်။ သရက် ချောင်းမြို့နယ်ရှိမယ်ပေါ့နော်။ အဲ့ဘက်ခြမ်းမှာ စစ်ခွေးတွေ အင်အားအလုံးအရင်းနဲ့ ထိုးနေတာရှိတယ်။ ပြည်သူအိမ်တွေကို မီးရှို့တာတွေရှိတယ်။ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာရှိတယ်။ အဲ့လိုတွင်တွင် ကျယ်ကျယ်လုပ်လာတဲ့အတွက်ကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တိုက်ပွဲဖော်ဆောင်တာတွေ လုပ်လာရတာရှိတယ်။ အဲ့ဒါကြောင့် မိဘပြည်သူတွေကို ခရီးသွားလာတာတွေ ဆင်ခြင်ကြဖို့။ ညဘက် အပြင်ထွက်တာတွေ မလုပ်ကြဖို့နဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေမှာ မနေကြဖို့ ပြောချင်ပါတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
ထားဝယ်မြို့ပေါ်တွင် တန်ဆောင်မုန်းလဆန်း ၁၄ရက်နေ့ညတွင် ကျင်းပပြုလုပ်လေ့ရှိသည့် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်သည့်ပွဲတော်ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ခုနှစ် တွင် ကျင်း ပပြုလုပ်ခဲ့ခြင်းမရှိဘဲ ၂၀၂၂ခုနှစ်တွင် ပြန်လည်စတင်ကျင်းပပြုလုပ်ခဲ့သော်လည်း မြို့လှည့်အပူဇော်ခံခြင်း မပြုလုပ်ခဲ့ကြောင်း ဒေသံများပြော စကားအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ထားဝယ်သပိတ်မျှောပွဲ ဖျော်ဖြေရေးမဏ္ဍပ်အနီး ထားဝယ် မြို့ပြပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) မှ သပိတ်မျှောပွဲမတိုင်ခင် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ ညနေပိုင်းတွင် မိုင်းဖောက်ခဲ့ပြီး အဆိုပါပွဲတွင် စစ်ကောင်စီဘက်က သပိတ်မျှောပွဲကို ဌာနဆိုင်ရာဝန်ထမ်းများသာ တက်ရောက်ပြီး ကျင်းပခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။



















