Home သတင်း ကော့ကရိတ်၊ ဆင်ကုန်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာ၍ လေကြောင်းဖြင့် ပစ်ကူနေ

ကော့ကရိတ်၊ ဆင်ကုန်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာ၍ လေကြောင်းဖြင့် ပစ်ကူနေ

753
Photo: CJ

အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဆင်ကုန်းကျေးရွာအနီးတွင် ယနေ့နံနက်အ‌စောပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတို့ ထိပ်တိုက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ အထိနာ၍ လေကြောင်းပစ်ကူများ ပြုလုပ်နေရကြောင်း ‌တော်လှန်ရေး တပ်ဖွဲ့များက ပြောသည်။

ယနေ့နံနက်စောစောတွင် ကော့ကရိတ်မြို့ပေါ်နှင့် တတန်ကူးကျေးရွာဘက်မှ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးလာပြီး ဆင်ကုန်းနှင့် တတန်ကူးကျေးရွာကြားအရောက်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်ကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“စစ်ကောင်စီတပ်က ဝင်းကြီး၊ မြို့တော်ဦးဘက်ကလည်း တက်လာတယ်။ တတန်ကူးဘက်လည်း ဆင်း လာတယ်။ ဆင်ကုန်းနှင့်တတန်ကူးကြားမှာပဲ တိုက်ပွဲအနီးကပ်ဖြစ်တယ်။ စစ်ကောင်စီဘက်က အနီး ကပ်ပစ်ခံရတော့ ထိခိုက်သေဆုံးမှုများတယ်။ အခုတိုက်ပွဲဖြစ်တဲ့နေရာ နယ်မြေရှင်းလင်းနေတုန်းပဲ”ဟု ပြောသည်။

တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်သည့်အပြင် နေ့လည်ပိုင်းတွင် စစ်ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံများမှာ ကျေးရွာ၌ နေထိုင်၍မရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ရွာသားများက ပြောသည်။

တတန်ကူးရွာသားတစ်ဦးက “စစ်ကောင်စီတပ်က တတန်ကူးကနေဆင်းလာပြီး တိုက်ပွဲဖြစ်တော့ ကျနော့် အမျိုးသမီးက ရွာထဲနေမရဲတော့ဘူး။ အဝတ်အစားထုပ်ပြီး ချက်ချင်း တိမ်းရှောင်လိုက်တယ်။ ဆင်ကုန်းဘက်မှာလက်နက်ကြီးလည်း တော်တော်ကျတယ်။”ဟု ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု နယ်မြေခံသတင်းအရင်းအမြစ်များထံမှ သိရသည်။