Home သတင်း ကရင်ပြည်နယ်တွင်း ဒေသထွက်သီးနှံများ စျေးကွက်မရှိ၍ စိုက်တောင်သူများ စားဝတ်နေရေးပိုမိုခက်ခဲလာ

ကရင်ပြည်နယ်တွင်း ဒေသထွက်သီးနှံများ စျေးကွက်မရှိ၍ စိုက်တောင်သူများ စားဝတ်နေရေးပိုမိုခက်ခဲလာ

1136

အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ ဒေသထွက်သီးနှံများကို အား ထားစိုက်ပျိုးအသက်မွေးဝမ်းကျောင်းပြုကြသည့် ဒေသခံပြည်သူများအနေဖြင့် ယခုအချိန်တွင် ဒေသ ထွက်သီးနှံများကို ရောင်းချရန်စျေးကွက်မရှိသောကြောင့် စားဝတ်နေရေးပိုမိုခက်ခဲလာကြောင်း ဒေသခံ များက ပြောသည်။

ဒူးရင်းသီး၊ မရမ်းသီး၊ ဝဥ၊ ရှောက်သီးနှင့် သီဟိုဠ်စေ့စသည့် ဒေသထွက်သီးနှံများကို စီးပွားရေးအဖြစ် စိုက်ပျိုးထားကြပြီး စစ်ကောင်စီအာဏာမသိမ်းခင်အထိ ရာသီအလိုက်သီးနှံများကို ရောင်းချ၍ စားဝတ်နေရေးအတွက်ဖြေရှင်းနိုင်ခဲ့သော်လည်း လက်ရှိစစ်အာဏာသိမ်းထားသည့် ကာလအတွင်း သီးနှံများရောင်းချရန် စျေးကွက်အခက်အခဲများရှိလာကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“အာဏာသိမ်းပြီးကတည်းက စစ်ပွဲတွေက ရပ်မှမရပ်တာ။ လမ်းမတွေဘေးမှာပဲစစ်တွေဖြစ်တော့ ဘယ် ဝယ်သူမှ လည်းမလာရဲသလို ကျမတို့လည်း မသွားရဲဘူး။ တချို့သီးနှံတွေဆိုဘာဈေးမှမရတော့ဘူး။ ကြားထဲက ကျမတို့တွေလည်း ဘာလုပ်စားရတော့မလဲမသိတော့ဘူး။ တက်လိုက်တဲ့ဈေးတွေကလည်း ဘာမှကို ဝယ်စားမရဘူး” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ထိုမြို့နယ်များတွင် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြား စောင့်(BGF) တပ်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား စစ်ရေးပဋိပက္ခများကြောင့် လမ်းခရီး သွားလာရေး မလွယ်ကူသဖြင့် သီးနှံအဝယ်ဒိုင်များမှာ ကျေးရွာဒေသများသို့ လာရောက်မဝယ်ခြင်း၊ ဝယ်ယူသူများလည်း မရှိသောကြောင့် ဒေသခံများအနေဖြင့် ဝင်ငွေမရှိသည့်အတွက် စားဝတ်နေရေး ကြပ်တည်းလာနေသည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲများအဆက်မပြတ်ဖြစ်လာသောကြောင့် စစ်ရေးအရအသုံးဝင်သော လမ်းများကို စစ်ကောင်စီ တပ်များမှ ပိတ်ထားခြင်း၊ ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်နေပြီး မြို့အဝင်အထွက်များရှိ စစ်ဆေးရေး ဂိတ်များတွင်လည်း တင်းကြပ်စွာ စစ်ဆေးမေးမြန်ခြင်း၊ ဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ လုပ်ဆောင်နေကြသဖြင့် သီးနှံဝယ်ယူသူများနှင့်ရောင်းဝယ်ရေးလုပ် ဆောင်နေကြသော ဒေသခံပြည်သူများမှာ သွားလာရေးအဆင်မပြေသောကြောင့် မဝယ်ယူရခြင်းဖြစ်သည်ဟု ဒေသထွက်သီးနှံများကို ရာသီအလိုက်ဝယ်ယူ၍ ပြန်လည်ရောင်းချနေသူတစ်ဦးက ယခုလို ဆိုသည်။

“သူတို့ဂိတ်ကို ဖြတ်ကိုမဖြတ်ချင်တာ။ မင်းတို့က PDFလာ ဘာလာနဲ့စစ်ဆေး မေးမြန်း ဆဲဆို နေတာ သွားတဲ့လူ တိုင်းကိုပဲ။ သူတို့မယုံသင်္ကာဖြစ်ရင် ပြဿနာရှာရော။ ကျနော် ကော့ဝါလဲမှာ အုန်းသီး ဝယ်ပြန်တော့ လှိုင်းဝဂိတ်မှာမေးတယ်။ ဘယ်ကလဲ၊ ဘာလုပ်ဖို့ဝယ်တာလဲနဲ့ အတော်နဲ့ပေးမသွားဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုနှစ်တွင် ဒေသထွက်သီးနှံများဖြစ်သည့် ဝဥ၊ ပီလောပီနံ၊ ရှောက်သီးများဈေးမရှိသည့်အပြင် သယ်ယူပို့ ဆောင်ရေးလမ်းခက်ခဲခြင်း၊ သယ်ယူစရိတ်ကြီးမားခြင်းတို့ကြောင့် အရောင်း အဝယ်တွက် ခြေမကိုက်သည့်အတွက်ကြောင့် မဝယ်ယူခြင်းဖြစ်သည်ဟု နောက်ထပ် ဒေသထွက် သီးနှံများလိုက်လံဝယ်ရောင်းသူတစ်ဦးကလည်း ဆိုသည်။

အလားတူ ယခုလတွင်လည်း ဝဥ၊ ပီလောပိနံ၊ ရှောက်သီး စသောအသီးအနှံများ သီးနှံ ပေါ်ချိန်ကာလဖြစ်သော်လည်း ဝယ်ယူသူမရှိသောကြောင့် အရှုံးနှင့်ရင်ဆိုင်နေရ၍ ဒေသခံများ ဝင်ငွေ မရှိဖြစ်နေပြီး စားဝတ်နေရေး ပြဿနာများဖြေရှင်းရန် ခက်ခဲလာကြကြောင်းလည်း ထိုသီးနှံစိုက် တောင်သူများက ပြောသည်။