Home သတင်း စစ်ကောင်စီ၏ မြေပြင်အနေအထားအားနည်းလာ၍ ပြည်သူ့စစ်တပ်ဖွဲ့များ အသုံးချလာကြောင်း KNU ပြော

စစ်ကောင်စီ၏ မြေပြင်အနေအထားအားနည်းလာ၍ ပြည်သူ့စစ်တပ်ဖွဲ့များ အသုံးချလာကြောင်း KNU ပြော

1066
Photo: MRTV

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီအနေဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် ဖြစ်ပွား သော မြေပြင်တိုက်ပွဲများကို ထိန်းချုပ်နိုင်မှုအနေအထား ဆိုးရွားလာခြင်းနှင့်အားနည်းလာခြင်းတို့ကြောင့် ပြည်သူ့စစ်တပ်ဖွဲ့များအား အသုံးချလာနေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒို စောကလယ်စေးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၁၉)ရက်နှင့် (၂၀)ရက်နေ့တို့တွင် စစ်ကောင်စီက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ နှင့်ပြည်တပ်နယ်ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်၍ စစ်ဝတ်ပစ္စည်းနှင့် ရိက္ခာများ အပ်နှင်းပေးအပ်ခဲ့သည့် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ခြင်းနှင့် စပ်လျှဥ်းပြီး KNU က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပဒိုစောကလယ်စေးက “မြေပြင်အနေအထား တော်တော်ဆိုးသွားလို့ပဲ လေတပ်အင်အားနဲ့ အသုံးပြုထိန်း ကျောင်းနေရတာ၊ ဒါကြောင့်ပဲ ပြည်သူ့စစ်မဟာဗျူဟာကို ပိုပြီးသုံးလာတာကို တွေ့ရတယ်။ ဒါကလည်း ပြည် သူတွေရဲ့ စိတ်ဓာတ်အပေါ်မှာ မူတည်ပါတယ်။ ပြည်သူ့စစ်ဆိုတာ ပြည်သူဆီက ပဲလာတာဖြစ်တယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးက သူတို့ကို လက်မခံတဲ့အချိန်မှာ ပြည်သူ့စစ်မဟာဗျူဟာကိုပဲ ဆင်နွှဲပါစေ အောင်မြင်မှု မရနိုင်ဘူး အဲ့လိုပဲမြင်တယ်။”ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်း၍ မြေပြင်ထိုးစစ်များ ဦးစားပေးလုပ်ဆောင်လာနိုင်မည့် ရည်မှန်းချက်ရှိထားသော်လည်း ကေအဲန်ယူဘက်တွင် ပူးပေါင်းတပ်ဖွဲ့အင်အား ယခင်ထက်ပိုမို များပြား လာသဖြင့် ထိုသို့ ပြည်သူ့ စစ်တပ်ဖွဲ့ခြင်းက ထူးခြားမှုမရှိသလို ကေအဲန်ယူအနေဖြင့် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုကိုသာ တန်ပြန်နိုင်ရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများဖြစ်သော တောင်ငူခရိုင်နှင့် ညောင်လေး ပင်ခရိုင်အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့၏ ဖြစ်ပွားသည့်တိုက်ပွဲများတွင် စစ်ကောင်စီ ဘက်က ပြည်သူများအား ၎င်းတို့ဆန္ဒအလျောက်ဖြစ်စေ အတင်းအကြပ်ဖိအားပေး၍ဖြစ်စေ လက်နက် တပ်ဆင်ပေးကာ တိုက်ပွဲအတွင်း ပါဝင်စေသလို ကျေးရွာများအတွင်း စစ်ကြောင်းထိုးစဥ် လိုက်ပါစေခြင်း၊ သတင်းရယူစေခြင်း စသည်ဖြင့် အမျိုးမျိုးအသုံးချလာကြကြောင်း တွေ့ရှိရသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောသည်။

Photo: MRTV

ထို့အတူ စစ်ကောင်စီက ပြည်သူများအား ပုံစံမျိုးစုံဖြင့် ခြိမ်းခြောက်ပြောဆို၍ ပြည်သူ့စစ်တပ်ဖွဲ့များသို့ ဝင်ရောက်စေခြင်းကို ကြည့်ခြင်းဖြင့် တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီရဲ့ တပ်တွင်းအင်အားသည် နည်းပါးလာ၍ဖြစ်သည်ဟု သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်းကလည်း ယခုလိုပြောသည်။

“သူတို့ဘက်က အင်အားနည်းလာတာပေါ့၊ အင်အားနည်းလာလို့ပဲ ပျူစောထီးလို့ခေါ်တဲ့ပြည်သူ့စစ်တွေကို အသည်းအသန်ဖွဲ့တယ်။ အဲ့ဒီအဖွဲ့တွေထဲမှာ ခိုးဆိုးလုယက် အမှုအမျိုးမျိုးနဲ့လူတွေပါတယ်။ တချို့ ရွာသားတွေဆို ခြိမ်းခြောက်ခံရလို့ ဝင်လိုက်ရတဲ့သူတွေရှိတယ်။ စစ်တပ်ထဲမှာဆိုရင်လည်း ခြိမ်း ခြောက်ပြီးတော့မှ ဝင်ခိုင်းလို့ ကျနော်တို့ဒီဘက်ခြမ်းကို ရောက်လာတဲ့ CDM တွေ ရှိတယ်။” ဟု ၎င်းက ဆိုသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေများတွင်သာမက မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှင့်ကျေးရွာများတွင်လည်း ယခုနောက်ပိုင်း စစ်ကောင်စီက ထိုးစစ်ဆင်နိုင်မှုအများအပြားမရှိတော့ဘဲ လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုမှုများလာကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

အလားတူ စစ်ကောင်စီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်လည်း ပြည်သူ့ စစ်တပ်များ ပိုမိုဖွဲ့စည်းနိုင်ရန် မြို့နယ်၊ ကျေးရွာနှင့် ရပ်ကွက်အလိုက်ရှိ အမျိုးသားများအား စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ် ရေးမှူးများမှတဆင့် မဲနှိုက်ရွေးချယ်ကာ အတင်းအကြပ်တပ်ဖွဲ့ဝင်စေခြင်းများ လုပ်ဆောင်လာနေကြောင်း ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြကြသည်။