စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ် ကျုံဒိုးတိုက်နယ် ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ၏ မကြာခဏ လာရောက်တိုက်ခိုက်ခံရမှုကြောင့် ရဲစခန်းအတွင်း တာဝန်ကျရဲတပ်ဖွဲ့ ဝင်များမှအပ ကျန်ရဲတပ်ဖွဲ့ဝင်နှင့် အိမ်ထောင်သည် လိုင်းခန်းမှ ရဲမိသားစုများ ရဲစခန်းဝင်း ပြင်ပအခြား နေရာများတွင် ပြောင်းရွှေ့နေထိုင်နေကြရကြောင်း သိရသည်။
ကျုံဒိုးရဲစခန်း၊ ခြေလျင်တပ်ရင်း -ခလရ ၅၄၅/၅၄၆ တို့နေရာများကို KNLA ပူးပေါင်းတပ်များ လက်နက်ကြီးနှင့် တိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးချတိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်ခြင်းကြောင့် ရဲစခန်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်နှင့် ရဲမိသားစုများ မနေရဲဖြစ်ပြီး ရှောင်တိမ်းနေထိုင်နေကြရကြောင်း ကျုံဒိုးဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ကျုံဒိုးရဲစခန်းက ရဲမနေတော့တဲ့ စခန်းဖြစ်နေတာကြာပြီ။ အဲ့မှာ စစ်တပ်၊ BGFပဲ အနေများတော့တယ်။ ရဲက (ဂျူတီ) တာဝန်ကျတဲ့အချိန်လောက်ပဲလာနေတာများတယ်။ ကျန်တဲ့အချိန်က ငွေတောင်းဂိတ် တွေနဲ့အပြင် သူတို့စစ်တပ်အုပ်စုတွေ လူစုနေတဲ့ဆိုင်တွေမှာပဲ နေနေကြတယ်။ ဒရုန်းဗုံး ခဏခဏ လာ လာချတာ လက်နက်ကြီး ပစ်ထည့်တာခံရတော့ ရဲလိုင်းခန်းမှာ ရဲမိသားစုတွေလည်း မနေကြတာ ကြာ ပြီ။ ရဲတွေလည်း လိုင်းကြေးကောက်တာ၊ လိုင်စင်မဲ့ကား မောင်းပို့ပေးတာတွေပဲလုပ်နေကြတော့ အခု စစ်တပ်ရယ်၊ BGF ရယ် စခန်းထဲမှာရှိနေတယ် ”ဟု ကျုံဒိုးရဲစခန်းအနီးနေထိုင်သူက ပြောသည်။
လက်ရှိ ကော့ကရိတ်၊ ကျုံဒိုး၊ တောင်ကြာအင်း ဒေသကျေးရွာများဘက်တွင် KNLA ပူးပေါင်းတပ် နှင့် စစ်တပ်၊ BGF တပ်များအကြား ပြောက်ကျားပစ်ခတ်မှုများ ဆက်ရှိနေသလို စစ်တပ်က ကျေးရွာ များ ဘက် နေ့စဉ် လက်နက်ကြီး ပစ်ခတ်မှု၊ သေနတ်ခြောက်လှန့်ပစ်ခတ်မှုအလျင်းသင့်သလို လုပ်ဆောင်သောကြောင့် အရပ်သားထိခိုက်မှုဆက်ရှိနေကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “အခုတလောက တောင်ကြာအင်းလည်း စစ်တပ်စစ်ကြောင်း ဝင်တော့ ပစ်တယ်။ ကော့ကရိတ် လည်းချောင်းတောင်ရေကူးကန်ဘက်ပစ်ကြတယ်၊ ကျုံဒိုးဆိုလည်း စစ်တပ် ၂ ခုနဲ့ ကျုံဒိုးရဲစခန်းကိုလည်း လာလာပစ်တယ်။ ကရင်အဖွဲ့၊ PDF အဖွဲ့တွေက ပစ်ပြီးပြန်ရင် စစ်တပ်ကလက်နက်ကြီး နဲ့ ထုတယ်။ လာတိုက်တဲ့အဖွဲ့တွေ မထိဘဲ ရွာထဲရပ်ကွက်ထဲက လူတွေထိကုန်တယ်။ ”ဟု ကော့ကရိတ် ချောင်း တောင်ရပ်ကွက်သားက ပြောသည်။
လတ်တလော ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က ဖားအံ ၊ လှိုင်းဘွဲမြို့နယ် ၂ ခုမှ လွဲ၍ ကျန် မြို့နယ် ၅ ခုတွင် ဒေသနယ်မြေ စိုးမိုးအုပ်ချုပ်နိုင်မှုမရှိတော့ဘဲ စစ်တပ်စခန်းချနေရာ၊ စစ်တပ် အုပ် ချုပ် ရေးရုံးဌာန နေရာများတွင် တပ်စွဲကာ နေထိုင်နေရသည့် အခြေအနေတွင်ရှိနေပြီး စစ်တပ်အတွက် စစ်ကူ၊ ရိက္ခာနှင့် လက်နက်ခဲယမ်း ထောက်ပံ့မှုကို လေကြောင်းဖြင့်သာ လုပ်ဆောင်ရသည့် အခြေအနေ ရှိလာ နေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောဆိုသည်။
၎င်းအပြင် ပြည်နယ်အတွင်း တာဝန်ကျနေရာများမှ ရဲ၊ စစ်တပ်နှင့် နယ်ခြားစောင့်တပ် -BGF များ အား ဌာနစွန့်ခွာထွက်ပြေးမှုများ မရှိစေရေးအတွက် တရားမဝင်လုပ်ငန်းများ၊ ငွေကောက်ဂိတ်များ၊ လောင်း ကစားဝိုင်းများ၊ လိုင်စင်မဲ့ကားသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများအား အထက်အရာရှိနှင့် ဌာနများမှ မသိကျိုးကျွံပြု၍ ခွင့်ပြုပေးထားကြောင်း စစ်တပ်နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။



















