Home သတင်း ကော်သူးလေအာမီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်အပြည့်အစုံနှင့်အတူ ပြန်လာပူးပေါင်းသည်ဟု KNU ပြော

ကော်သူးလေအာမီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်အပြည့်အစုံနှင့်အတူ ပြန်လာပူးပေါင်းသည်ဟု KNU ပြော

1960
Photo: KTLA

စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေရှိ ကော်သူးလေ အာမီ(KTLA)တပ်ဖွဲ့ဝင်(၁၆)ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၃ နှင့် ၄ ရက်နေ့များတွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း(၁၂)ထံ လက်နက်အပြည့်အစုံနှင့်အတူ ပြန်လာပူးပေါင်းသည်ဟု ကေအဲန်ယူတပ်မဟာ(၄) ဘက်က ပြောသည်။

အဆိုပါ ပြန်လည်ပူးပေါင်းလာသည့် ကော်သူးလေအာမီ တပ်ဖွဲ့ဝင်(၁၆)ဦးသည် တနင်္သာရီ အခြေစိုက်ဆာကဆောတပ်မမှ ဗိုလ်အယ်ခွီး(ခ)ကော်လာဖိုးဦးဆောင်သည့် တပ်ဖွဲ့ဝင်များဖြစ်ပြီး နယ်မြေခံ KNLA တပ်ရင်း(၁၂)နှင့် ပြန်လည်ပူးပေါင်းလိုက်ခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၄) တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အရင်က သူတို့က အယ်ခွီးလူတွေပါ။ နောက်တော့ ဒီဘက်တပ်ရင်း ၁၂နယ်မြေထဲမှာ ပြန်ပို့တာ။ သူတို့ကို ဦးဆောင်တဲ့တပ်ရင်းမှူးက ဖိုးခွားလေး။ အခု ဒီဘက်ကို သူတို့ ပြန်ပြောင်းလာတယ်။ လက်နက် အပြည့်အစုံနဲ့ပါပဲ။ လောလောဆယ်တော့ သူတို့ကိုတော့ ဒီဘက်ကဘာတာဝန်မှ မပေးသေးဘူး။ ဒါပေမယ့် ဘက်တံဆိပ် တွေတော့ အကုန်ပြန်ပြောင်းလိုက်ပြီး။”ဟု ကေအိုင်စီသို့ ပြောသည်။

ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) ရှိ KNLA တပ်ရင်း(၁၀)နှင့် တပ်ရင်း(၁၂) နယ်မြေထဲတွင် ကော်သူး လေအာမီ-KTLA တပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားသည့်နယ်မြေဖြစ်ပြီး လက်ရှိအချိန်တွင် တပ်ရင်း(၁၂) နယ်မြေအတွင်း KTLA တပ်ဖွဲ့များလှုပ်ရှားမှုမရှိတော့ကြောင်းလည်း ၎င်း KNLA တပ်မှူး ဆက် ပြောသည်။

၎င်းက “ KTLA က တပ်ရင်း(၁၂) နယ်မြေထဲမှာ မရှိတော့ဘူး၊ တပ်ရင်း(၁၀) နယ်မြေထဲမှာ ရှိတော့တယ်။ (၁၂)နယ်မြေမှာတော့ တစ်လကျော်ကျော် ကျနော်တို့ နယ်မြေလှုပ်ရှားမှုလုပ်လိုက်တော့ တော်တော်လေးငြိမ်သွားတယ်။”ဟု ပြောသည်။

အဆိုပါ KTLA တပ်ဖွဲ့ဝင်များ KNU တပ်မဟာ ၄ ထံ ပြန်လာပူးပေါင်းသည့်ကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီ -ကရင်သတင်းဌာနအနေဖြင့် သက်ဆိုင်ရာအဖွဲ့၏ တာဝန်ရှိသူများကို ဖုန်းနှင့်ကြိုးစားဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း(၁၂)နယ်မြေထဲတွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့တုန်းက KNLA စစ်ဘက်ရေးရာကွပ်ကဲမှူး ဗိုလ်မှူးစောဖိုးစီ စီးနင်းလာသည့် ကားကို ကော်သူးလေအာမီ-KTLA ဘက်က ပစ်ခတ်သည့်အတွက် ဗိုလ်မှူးစောဖိုးစီနှင့် ရဲဘော်တစ်ဦးသေဆုံးခဲ့သေးသည်။

ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်တွင် KNU လက်အောက်ခံတပ်နှင့် ကော်သူးအာမီ-KTLA တပ်တို့အကြား ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံးဖြေရှင်ပေးရန် ဒေသခံ အရပ်သား ပြည်သူများက သဘောထားထုတ်ပြန် တောင်းဆိုမှုများရှိသည်။

ကော်သူးလေအာမီ(KTLA)ကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် -KNDO စစ်ဦးစီး ချုပ်ရာထူးတာဝန်ရပ်စဲခံလိုက်ရသူ ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြက ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်သည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ကေအဲန်ယူ ဒူးပလာ ယာခရိုင် တပ်မဟာ(၆)နှင့် ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)တို့တွင် အခြေချလှုပ်ရှားလျက်ရှိသည်။