Home သတင်း မြဝတီမြို့ စစ်ကောင်စီ ရုံးဝန်ထမ်းများ ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခံရမည်ကို ကြောက်လန့်နေ

မြဝတီမြို့ စစ်ကောင်စီ ရုံးဝန်ထမ်းများ ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခံရမည်ကို ကြောက်လန့်နေ

986
Photo: Crd.

စက်တင်ဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီခရိုင်ရဲစခန်းကို စက်တင်ဘာလ ၃ ရက်နေ့ ညက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းနှင့် တိုက်ခိုက်မှုအပြီး စစ်ကောင်စီနှင့်ပတ်သက်သည့်နေရာများကို ဆက်လက်တိုက်ခိုက်မည့်သတင်း ကြောင့် စစ်တပ်၊ ရဲနှင့်ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စိုးရိမ်ကြောက်လန့်ကြပြီး နေရာရွှေ့ ပြောင်းမှုများရှိနေကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

၎င်းက “ရဲစခန်းဒရုန်းချခံရတဲ့ကိစ္စက ဌာနဆိုင်ရာတွေ တော်တော်လေးကြောက်ကုန်ကြတယ်။ စစ် တပ်ရဲ့ ဌာနဆိုင်ရာရုံးဝန်ထမ်းတွေ အကုန်ရှောင်နေကုန်ပြီ။ ဂျူတီ(တာဝန်) ချထားတဲ့ ဝန်ထမ်းပဲရုံးမှာ နေတယ်။ နယ်ပြောင်းဝန်ထမ်းတွေ လိုင်းခန်းမှာနေတယ်။ သူတို့ကို ပြည်နယ် စစ်ကောင်စီကလည်း ဘာမှ အကာအကွယ်မပေးဘူး၊ လုံခြုံရေးမရှိဘူးဆိုတော့ သူတို့လည်း ကိုယ့်သဘောနဲ့ကိုယ် လုံခြုံ အောင် နေရတဲ့ပုံစံဖြစ်နေကြတယ်။ ”ဟု ပြောသည်။

လတ်တလောတွင် မြဝတီမြို့ ပေါ်ရပ်ကွက်များအတွင်းရှိ စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ် အိမ်မှူး၊ ရာအိမ်မှူးများမှ ရပ်ကွက်နေပြည်သူများအား နေအိမ်ပြင်ပသွားလာမှုသတိရှိကြရန် လိုက်လံ သတိပေးပြောဆိုမှုများရှိနေကြောင်းလည်း မြဝတီကြံခင်းရပ်ကွက် နေထိုင်သူတစ်ဦးက ယခုလို ပြော သည်။

“ဒီနေ့ဆိုရင် မြို့ထဲအပြင်မထွက်ဖို့၊ ထွက်ရင်သတိထားသွားလာဖို့ လမ်းမှူးနဲ့ ရာအိမ်မှူးတွေ သတိ ပေးတာမျိုး လမ်းထဲမှာ လိုက်ပြောတယ်။ ကျောင်းတွေမှာလည်း စစ်တပ်၊ BGF တွေ၊ ရဲတွေ ကင်းပုန်းချပြီးနေနေတော့ အိမ်ကကလေးတွေ ကျောင်းမသွားခိုင်းတော့ဘူး။”ဟု ထိုကြံခင်းလမ်းမ နေထိုင်သူက ပြောသည်။

မြဝတီမြို့ရှိ စစ်တပ်နေရာများအား တိုက်ခိုက်မည့်ကိစ္စအပေါ် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်၊ ဒရုန်းတပ်ဖွဲ့များအနေဖြင့် ဇွန်လ ၄ ရက်က မြဝတီမြို့တွင်း နေထိုင် သည့် ပြည်သူများအနေဖြင့် စစ်တပ်တပ်စွဲထားသည့်နေရာများနှင့်ဝေးရာတွင် ရွှေ့ပြောင်းနေထိုင်ကြရန် လက်နက်မကိုင်ထားသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့် မိသားစုများအနေဖြင့် ရုံးဌာနများမှ ရွှေ့ပြောင်းထွက်ခွာကြရန် သတိပေးစာ ထုတ်ပြန်ထားကြောင်း သိရသည်။

KNLA ပူးပေါင်းဒရုန်းတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက “ကျနော်တို့အနေနဲ့ကတော့ စစ်တပ်နေရာတွေကို တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်။ ပြည်သူတွေကို ထိခိုက်မှုမရှိအောင် လုပ်ဆောင်တိုက်ခိုက်မှာမို့ စစ် တပ်နဲ့ ဝေးတဲ့နေရာတွေမှာ နေထိုင်ကြဖို့ ပြောချင်တယ်။ ”ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ခရိုင်ရဲရုံးတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ခရိုင်အုပ်ချုပ် ရေးမှူးအပါ အဝင် စစ်ဘက်၊ အရပ်ဘက်အရာရှိ ၆ ဦးသေဆုံးခဲ့ပြီး ခရိုင်ရဲမှူးတစ်ဦးအပါအဝင် လူ ၅ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကာ သာမန်ဒဏ်ရာရသူ ၅ဦးအား မြဝတီဆေးရုံတွင် ကုသပေးနေကြောင်း ရဲတပ်ဖွဲ့ နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

“ဒရုန်းချလို့သေတဲ့ ခရိုင်ထွေအုပ်စာရေးနဲ့၊ ရဲသေတာတွေကတော့ မနေ့က အသုဘချတယ်၊ ဟေမန်ဦး သင်္ချိုင်းမှာ။ ဒီနေ့တော့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်က ရှေ့တန်းမှူးကို အသုဘချတယ်။ ပြည်နယ်က ပန်းခွေကိုယ်စားပို့ပေးတာကလွဲလို့ ဘယ်သူမှ မလာဘူး။ မဲဆောက်ဘက်ဆေးကုတဲ့ ခရိုင်ရဲမှူး အခြေ အနေကတော့ သတင်းအမျိုးမျိုးဖြစ်နေတယ်၊ သက်သာတယ်၊ မသက်သာဘူး၊ သေချာမသိရဘူး။ ကျန်တဲ့လူနာတွေကတော့ မြဝတီဆေးရုံမှာပဲ ကုပေးနေတယ်။” ဟု အမည်မဖော်လိုသူ စစ်ကောင်စီဌာနဆိုင်ရာ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီဝန်ထမ်းများသေဆုံးဖြစ်စဥ်နှင့်ပတ်သက်၍ နာရေးမိသားစုဝင်များအား ကရင် ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးလာရောက်တွေ့ဆုံမှုရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ် သော်လည်း ကေအိုင်စီ-သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်မှုမရှိသေးပါ။

ယနေ့ စက်တင်ဘာ ၆ရက်၊ နေ့လည် ၁နာရီကျော်အချိန်တွင်လည်း ကျုံဒိုးမြို့ ရဲစခန်းအား ဒရုန်း ဗုံးချတိုက်ခိုက်ခံရသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးကြောင်း ကနဦးသိရှိရပြီး တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ထိခိုက်၊ သေဆုံး၊ ပျက်စီးမှုအခြေအနေကို မကြားသိရှိရသေးကြောင်း ကျုံဒိုးဒေသခံများ ပြောဆိုချက်အရ သိရသည်။