Home သတင်း သွားလာရေးနှင့်လုံခြုံရေးအခြေအနေကြောင့် မိခင်နှင့်မွေးကင်းစ ကလေးငယ်များကာကွယ်ဆေးမထိုးနိုင်

သွားလာရေးနှင့်လုံခြုံရေးအခြေအနေကြောင့် မိခင်နှင့်မွေးကင်းစ ကလေးငယ်များကာကွယ်ဆေးမထိုးနိုင်

840
Photo: Crd.

စက်တင်ဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်းရှိ စစ်ရေးပြင်းထန်ရာဒေသများတွင် သွားလာရေးနှင့်လုံခြုံရေး အခက်အခဲများရှိလာ၍ မိခင်နှင့်မွေးကင်းစကလေးငယ်များအား ကာကွယ်ဆေးလိုက်လံထိုးပေးနိုင်မှုခဲယဥ်းသွားကြောင်း KNU ၏ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW ထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ရှောင်စခန်းများတွင် မိခင်ရောမွေးကင်းစကလေးပါ ကာကွယ်ဆေးထိုးပေးမှုရရှိသော်လည်း နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်နေပြီး ကျန်းမာရေးလက်လှမ်းမီနိုင်ခွင့်အလှမ်းဝေးသည့် ဒေသများတွင် ကာကွယ် ဆေးအတွက် မပံ့ပိုး ပေးနိုင်သေးကြောင်း KDHW ၏ မိခင်နှင့်ကလေးတာဝန်ခံတစ်ဦးက ယခုလိုပြောသည်။

“အာဏာမသိမ်းခင်က ကျမတို့ Target area တွေမှာ မိခင်ရော၊ ကလေးရော ကာကွယ်ဆေးထိုးပေးနိုင်တယ်။ အခုကျ နယ်စပ်ဆိုရင်တော့ ဆေးကရပေမယ့် လေယာဥ်လာပစ်တဲ့နေရာတွေကျတော့ ကျန်းမာရေးလုပ်သားတွေ သွားလာရေး ခက်ခဲတာရော၊ လုံခြုံရေးစိတ်မချရလို့ရော မပေးနိုင်သေးဘူး။ ထိုင်းဘက်မှာပဲယူယူ၊ မြန်မာပြည်ဘက်ခြမ်းပဲယူယူ ဆေးဝါးသယ်ပြီးပြည်တွင်းပြန်သွင်းဖို့က အဆင်မပြေတော့ဘူး။ စီစဥ်နေတာတော့ရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ဘေးတိမ်းရှောင်နေရပြီး အကူအညီရောက်ရှိမှုအလှမ်းဝေးသည့်ဒေသမှ မွေးကင်းစကလေးနှင့် မိခင်များသည် အာဟာရပြတ်လပ်မှုဒဏ်ခံစားရသည့်အပြင် အသက်သေဆုံးသည်အထိ မဖြစ်နိုင်သော်လည်း ကာကွယ်ဆေးထိုး ထားသည့် ကလေးငယ်များထက် ခန္ဓာကိုယ်ခုခံအား ပိုမိုနည်းပါးသဖြင့် ရောဂါပိုးကူးစက်ဝင်နိုင်ချေများသည်ဟု ၎င်းက ကျန်းမာရေးတာဝန်ရှိသူက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများခံခဲ့ရပြီးနောက် ရွာလုံးကျွတ်နေရပ်စွန့်ခွာ ထွက်ပြေးနေရသဖြင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းစဥ်များ ရပ်တန့်သွားရကြောင်း ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်းရှိ စစ်ဘေးရှောင် ကူညီးပေးသူအမျိုးသားတစ်ဦးကလည်း ပြောသည်။

၎င်းက “ကျနော်တို့ဆီမှာ စစ်မဖြစ်ခင်ကတော့ နှစ်ကြိမ်လောက် ကာကွယ်ဆေး လာထိုးပေးတာရှိတယ်။ ဆရာမကလည်း သူတစ်ယောက်ပဲ ဒေသကကလေးတွေရော၊ ဟိုးကယားဘက်က ကလေးတွေရော လာထိုးကြတယ်။ စစ်ဖြစ်နေတဲ့ နေရာ က လူတွေရောအကုန်လာထိုးကြတာ လောလောဆယ် စစ်ဖြစ်နေတော့ အဲ့လုပ်ငန်းလည်း ရပ်သွားပြီပေါ့” ဟု ကေအိုင်စီ သို့ ပြောသည်။

ကာကွယ်ဆေးထိုးခြင်းသည် မွေးကင်းစကလေးအရွယ်မှသည် ကလေးအသက်တစ်နှစ်သားအရွယ်အထိ အသည်း ရောင်အသားဝါဘီပိုးရောဂါကာကွယ်ဆေးများ၊ တီဘီဆေးများ၊ ပိုလီယိုနှင့်တုပ်ကွေး ရောဂါ ကာကွယ်ဆေးများအပြင် ဦးနှောက်အမြှေးပါးရောင်ရောဂါကာကွယ်ဆေးနှင့် ဝက်သက်ဆေးများ ထိုးနှံသင့်ကြောင်း ကျန်းမာရေးဝန်ထမ်းများ၏ ပြောဆိုမှုအရ သိရသည်။

ထို့အပြင် မွေးဖွားပြီး အသက် (၆)ပတ်မှ (၈)လအထိ ကလေးငယ်များတွင် ဝမ်းရောဂါနှင့် တုပ်ကွေးရောဂါများ အဖြစ်များသောကြောင့် ကလေးအထူးကုဆရာဝန်များနှင့်တိုင်ပင်၍ ရောဂါကာကွယ်ဆေးများထိုးနှံ ပေးသင့်သည်ဟုလည်း ကျန်းမာရေးဝန်ထမ်းများက အကြံပြုပြောဆိုကြသည်။

အလားတူ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် KNU ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီက ဒေသအတွင်း ဆေးဝါး သယ်ဆောင်ခွင့်ကို ကန့်သတ်ခြင်းအပြင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသောကြောင့် ပြည်တွင်းရှိ စစ်ဘေးရှောင် စခန်းများသို့ ဆေးဝါးတင်သွင်းရန်အခက်အခဲရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှု နှောင့်နှေးရကြောင်းလည်း ဒေသတွင်း စစ်ဘေးရှောင်ကူညီသည့် အဖွဲ့များ၏ ပြောပြချက်အရ သိရသည်။