မူးယစ်နွံနစ်နေသည့် ကော်သူးလေမြေက ကြယ်ပွင့်လေးများ
(ဇူလိုင် ၃၀ ရက်၊ ၂ဝ၂၃ ခုနှစ်)
ဖော့တန်
ကော်သူးလေ (ဝါ) ကရင့်မြေပေါ်တွင် ဘိုးဘွားအစဉ်အဆက်ကတည်းက အသက်ရှင်ရပ်တည်နိုင်ရန် သဘာဝတရားက ပေးထားသည့် တောင်တန်းကြီးများတွင် အပင်မျိုးစိပ်များ ပြောင်းလဲလာကြသည်။ တစ်ချိန်က အင်ပင်၊ ကျွန်း၊ ပျဉ်းကတိုးနှင့် သီးနှံစားပင်များအစား ဘိန်းစာပင် (ခေါ်) အာဆီယံပင်များက အစားထိုးနေရာယူလိုက်သည်။
စိမ်းလန်းသည့်တောင်တန်းကြီးများနှင့် သဘာဝထုံးကျောက်တောင်များသည် ဋ္ဌာနေ ကျေးရွာအရပ် ဒေသအသီးသီးတို့တွင် တံတိုင်းကြီးသဖွယ် ဝန်းရံကာထားလျက်ရှိပြီး သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်သည်လည်း ပေါကြွယ်လှသည်။ ထိုအရပ်သည် ကော်သူးလေ (ဝါ) ကရင့်မြေ၏ တည်ရှိနေသည့် ပကတိအလှတရားများပင် ဖြစ်သည်။
စစ်တပ်က ၂ဝ၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီးနောက် ကော်သူးလေ ဌာနေသည် ကျွဲချိုသံ၊ ကရင်ဒုံးအကသံတွေပင် မကြားကြရတော့ပေ။ ထိုအသံအစား လူသားတို့၏ အသက်ဝဇီကို ချွေမည့် ဝရဇိန်လက်နက်သံများဖြင့်သာ ကရင်တို့၏ အမိမြေတစ်ခွင်တွင် ကျယ်ကျယ်လောင်လောင် ကြားလာရတော့သည်။
ထိုမျှပင်မကပေ ကျေးရွာအတွင်းရှိ တစ်ချိန်က ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွင် သာမက ကရင့် ကံကြမ္မာ ကရင်ဖန်တီးနိုင်ရန်အထိ လက်သီးလက်မောင်းတန်းခဲ့သည့် အနာဂတ်ကို ထုဆစ်ကြမည့် လူငယ်အများစုမှာ ဘိန်းစာရွက်ပြုတ်ရည်အိုးတွင်မှာသာ ဝိုင်းဖွဲ့စုရုံးကြပြီး စကားအဖြစ်လောက်သာ ပြောလေတော့သည်။
“ ဒီကြားကာလမှာ အုပ်ချုပ်သူတွေအဖက်ဖက်က လူငယ်တွေရဲ့စိတ်ဖိစီးနေမှုတွေကို လျစ်လျူရှုထားပြီး ရှေ့ ဆောင်လမ်းပြမလုပ်နိုင်ကြတော့ဘူး။ ထိန်းချုပ်မှု လွတ်သွားတယ်။ ဘိန်းစာရွက်ရည်မှ မရတော့ရင် ဘာမှလုပ်ချင်ကိုင်ချင် စိတ်မရှိ တော့ဘူး။ လွတ်လွတ်လပ်လပ်ရောင်းဝယ်စိုက်ပျိုးလာကြတယ်။ မိရိုးဖ လာတစ်ခုလို လက်ခံသုံးစွဲလာနေကြပြီး။ အနာဂတ်အတွက် အတော်စိုးရိမ်စရာဖြစ်တယ်” ဟု ကရင်ပြည်နယ် မူးယစ်ဆေးပညာပေးအဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။
ဒေသအတွင်းပေါက်ရောက်လေ့ရှိသည့် ထိန်ပင်နှင့် အခြားအပင်မျိုးနွယ်တို့တွင် ဘိန်းစာ ပင်အဖူးကိုင်းနှင့် ကိုင်းကူးဆက်ကာ စီးပွားဖြစ်အထိ စိုက်ပျိုးလာသူများလာသည့်အတွက် ကော်သူးလေမြေပေါ်ရှိ သဘာဝတောင်တန်းကြီးအချို့မှာ ယခုအခါတွင် စိမ်းလန်းသည့် ဘိန်းစာပင်တောအုပ်ကြီးအသွင်အဖြစ် ဋ္ဌာနေလူငယ်တို့၏ အနာဂတ်ကို အမှည့်ချွေရန် စောင့်ဆိုင်းနေကြသည်။
“ အရင်က ပွဲလမ်းသဘင်၊ မင်္ဂလာဆောင်ပွဲတွေမှာ မိတ်ဖြစ်ဆွေဖြစ်နဲ့ ဘိန်းစာရွက်ပြုတ် ရည်ကို ဝိုင်းဖွဲ့သောက်ကြတယ်။ အခုမနက်မိုးလင်းရင် တစ်ခွက်လောက်မသောက်ရရင် နေမထိထိုင်မထိ ကိုယ်လက်ညောင်းညာဖြစ်နေပြီး။ အလှူပွဲတွေဆိုရင် ဘီယာ၊ အရက်မသောက်ကြတော့ဘူး။ ဘိန်းစာရွက်ပြုတ်ရည်ကိုပဲ တည်ပေးရတယ်” ဟု ကော်သူးလေနယ်မြေ၊ ဒူးပလာယာခရိုင်မှ ကရင်လူငယ် စောဖိုးကဲက သူနေထိုင်ရာအရပ်ဒေသ၏ အခြေအနေကို ပြောပြသည်။
ဘိန်းစာရွက်ပြုတ်ရည်ထဲတွင် ကိုကာကိုလာ အချိုရည်နှင့် ချောင်းဆိုးပျောက်ဆေးရည်များ ရောထည့် သောက်သုံးကြသလို အချို့မှာ ယမကာအရက်များတွင်လည်း ရောထည့်သုံးစွဲကြသည်။ ယခင်က ဘိန်း စာရွက် ၁ ရွက်လျှင် ကျပ် ၃ဝဝ အထိရှိခဲ့ပြီး ယခုဆိုလျှင် ပြုတ်ရည် ၁ လီတာ တစ်ဗူးလျှင်ပင် ၁ဝဝဝ ကျပ်ဝန်းကျပ်သာ စျေးနှုန်းရှိနေတော့သည်။

ဖားအံမြို့ရှိ မူးယစ်ဆေးသုံးစွဲ လူငယ်တစ်ဦးက “ ဖားအံမြို့ပေါ်မှာဆို လူငယ်တွေက ဆေးခြောက်(ဝိ)၊ ဘိန်းစာရွက်ပြုတ်ရည်၊ မြင်ဆေး (WY) တွေ ပိုမိုသုံးစွဲလာကြတယ်။ လွယ်လွယ်ကူကူဝယ်လို့ရတယ်လေ။ အရင်မြင်ဆေး တစ်လုံး ၅ဝဝဝ ကျပ်ဆို အခု ၁ဝဝဝ ကျပ်လောက်ပဲ စျေးရှိတယ်။ စစ်ကောင်စီ ဖမ်းမိရင် လည်း သူတစ်ဝက်၊ ကိုယ်တစ်ဝက် ပြန်ခွဲပေးရင် ပြန်လွတ်တာပါပဲ။ သူတို့နဲ့ဆက်နွှယ်နေတော့ ပစ္စည်းတွေပိုများလာတယ်” ဟု ပြောသည်။
ဘိန်းစာရွက်၊ စိတ်ကြွရူးသွပ်ဆေးပြား WY (မြင်းဆေး)နှင့် အခြားမူးယစ်ထုံထိုင်းစေသည့် ဓာတုဆေးဝါးများကို KNU-ကရင်အမျိုးသားအစည်းအရုံး ၁/၂၀၁၄ ကော်သူးလေ ရာဇဝတ်မှု ဥပဒေအဖြစ် ပြဋ္ဌာန်းထားပြီး ရောင်းဝယ်သုံးစွဲစိုက်ပျိုးသူများကို ပြစ်ဒဏ်အသီးသီး ပြဋ္ဌာန်း ထားလျက်ရှိသည့်အပြင် နှစ်စဉ် KNPF -ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ ရောက်တိုင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးအမျိုုးမျိုးများအား အများပြည်သူရှေ့တွင် မီးရှို့ဖျက်ဆီးလေ့ရှိသည်။
ကရင်ပြည်နယ်သည် ထိုင်းနိုင်ငံနယ်စပ်စည်းမျဉ်းများနှင့် အလျားရှည်ထိစပ်နေသည့်အတွက် ထိုင်းနိုင် ငံအစိုးရ၏ အသစ်ပြင်ဆင်ပြောင်းလဲလိုက်သည့် မူးယစ်ဆေးဝါးသုံးစွဲခွင့် ဥပဒေကြောင့်သည်လည်း ဋ္ဌာနေလူငယ်များကြားတွင် များစွာသက်ရောက်စေခဲ့သည်ဟု ဒေသတွင်း ကရင်လူငယ်များက ပြောဆိုကြသည်။
ခရိုင်အဆင့် KNU ခေါင်းဆောင်တစ်ဦးက“ ထိုင်းအစိုးရက မြင်းဆေးအစား ဆေးခြာက်(ဝိ)နဲ့ ဘိန်းစာရွက်တွေကို ခွင့်ပြုပေးလိုက်တယ်။ သူတို့ဒီလိုခွင့်မပြုခင် ကြိုတင်စီမံ ဆောင်ရွက်ထားတဲ့ အခြေ အနေတွေရှိမယ်။ ဘယ်လို ထိန်းချုပ်မလဲ၊ ဆိုးကျိုးသက်ရောက်မှုနည်းအောင် ဘယ်လို ဆောင်ရွက်ကြမလဲ သူတို့မှာရှိနေပြီးသားပါ။ ကျနော်တို့မှာက ဘာမှကြိုတင်ပြင်ဆင်မှုမရှိဘဲ ခွင့်ပြုလိုက်ရင် အကုန်ဒုက္ခရောက်ကုန်မှာပဲ” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်တွင် အသက် ၁ဝ နှစ်မှ ၃ဝ နှစ်ကျော် အတွင်း လူငယ် များမူးယစ်ဆေးဝါး အမျိုးမျိုးသုံးစွဲမှုများလာနေကာ ယခုနှစ် ဇန်နဝါရီလမှစ၍ မေလ ၃၁ ရက်နေ့အထိ WY စိတ်ကြွဆေးပြား၊ ဆေးခြောက်ရွက်ပွင့်၊ ရေခဲ(အိုက်စ်)၊ ဘိန်းစာရွက်နှင့် ကတ်တမင်း ဆေးဝါးများကို ပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးအမှုပေါင်း ၁၃၆ မှုနှင့် တရားခံ ၁၆၈ ဦးအား အရေး ယူဆောင်ရွက်နိုင်ခဲ့သည်ဟု ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးက ပြောဆိုထားသည်။
ယခု ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က ဖားအံမြို့ဇွဲကပင်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြည်နယ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲမှုကြောင့် ဆေးရုံဆေးခန်းများတွင် လာရောက် ကုသသူဦးရေ နေ့စဉ်တိုးလာနေပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံမှုများလည်း ယခင်စစ် အာဏာမသိမ်း ခင်ကာလ ထက် ပိုမိုအဖြစ်များလာသည်ဟု ဖားအံမြို့ရှိ အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

၎င်းက “ ဆေးဝါးသုံးစွဲမှုများလာပြီး စိတ်ကျရောဂါကြောင့် ဆေးခန်းတွေမှာ အတော်လာကြတယ်။ အရက်၊ ဆေး၊ အခြားအခြေအနေတွေလည်း ပါတယ်ပေါ့နော်။ နေရာတိုင်း လိုလိုမှာ အဆုံးစီရင်မှု ဖြစ် လာကြတယ်။ ဒီလိုစိတ်ကျဆင်းမှုဖြစ်လာရင် ဆက်သွယ်နှစ်သိမ့်ပေးနိုင်ဖို့ စိတ်ကျန်းမာရေး ပညာပေး မှုအဖွဲ့တွေလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့ လိုအပ်သေးတယ်ပေါ့နော်” ဟု ပြောသည်။
ကရင်ပြည်နယ်တွင် အရက်၊ မူးယစ်ဆေးသုံးစွဲခြင်း၊ နိုင်ငံရေးအခြေအနေနှင့် စစ်ရေး ပဋိပက္ခ အခြေ အနေများကြား ရှင်သန်နေကြရသူများတွင် မိမိကိုယ်ကိုယ်အဆုံးစီရင်မှု ပိုမိုဖြစ်ပွားလျက်ရှိသည်။ ထို့အပြင် ဖားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင်လူငယ်များမူး ယစ်ဆေး သုံးစွဲမှု ပိုမိုများပြားလာသည်ဟု ကျန်းမာရေး ဝန်ထမ်းများထံမှ သိရသည်။
“ ဆရာက သူ့သားကို အရမ်းချစ်တယ်၊ သားက မူးယစ်ဆေးစွဲနေတာကို ဖြတ်နိုင်ဖို့ အကြိမ်ကြိမ် နည်း လမ်းရှာ ကြိုးစားခဲ့တယ်။ မူးယစ်ဆေးသုံးစွဲတဲ့သားကြောင့် စိတ်ဒဏ်ရာလည်းရခဲ့တယ်။ နောက်ဆုံးတော့ သားရော အဖေပါ သေကြောင်းကြံမှုလုပ်သွားတယ်။ ဒီမူယစ်ဆေးဝါးကို မထိန်းချုပ်နိုင်ရင် ငါတို့ ကရင်လူငယ်တွေရဲ့ အနာဂတ်တွေ ပျက်စီးနေရအုံးမယ်” ဟု ကရင်လူငယ် အဆိုတော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့တွင် ဖြစ်ပွားခဲ့သော အရှေ့ပိုးကရင်ဘာသာဖြင့် တေးသီချင်းရေးစပ်သီဆိုသူ ဆရာစောလပေါ်အွာ (ခ) စောဝင်းစိုးတို့သားအဖနှစ်ဦး ၎င်းနေထိုင်ရာ ဖားအံမြို့ရှိနေအိမ်၌ မိမိ ကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သည့် ဖြစ်စဉ်ကို ထိုလူငယ်အဆိုတော်က ရည်ညွှန်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆုံးစီရင်သွားသည့် ထိုဖြစ်စဥ်ကို ကြည့်ခြင်းအားဖြင့် မူးယစ်ဆေးဝါးကြောင့် မိသားစု လူမှုဘ ၀ဝန်းကျင်တွင် နေ့စဥ်အတိဒုက္ခသောကဖြစ်နေသည်ကို မြင်တွေ့နိုင်သော်လည်း ထိန်းချုပ်တားဆီးရန် မည်သည့်အစုအဖွဲ့များမှ အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိဟု မြို့ခံလူထုများက ပြောသည်။
ဒူးပလာယာရိုင်ရှိ စောဖိုးကဲတို့ရွာသည်လည်း ယခင်က ဧည့်သည်လာလျှင် ကရင်ရိုးရာ တာလပေါ့ ဟင်း လျာဖြင့် ဧည့်ဝတ်ပြုမှ ဧည့်ဝတ်ကျေသည်ဟု ဒေသဓလေ့ရှိခဲ့သော်လည်း ယခုအချိန်တွင် ဧည့်လာလျှင် ဘိန်းစာရွက်ပြုတ်ရည် အေးအေးလေးတစ်ခွက်က ဧည့်ဝတ်ကျေနေတော့သလို ဖြစ်လာတော့သည်ဟု ၎င်းတို့ရွာသားများက ပြောသည်။
ကော်သူးလေဌာနေပြည်သူတို့၏ ၀ိသေသလက္ခဏာဟန်ပန်နှင့် ကိုယ်ပိုင်ရိုးရာဓလေ့ အစဉ်အလာ ကောင်းများရှိနေခဲ့သည့် စောဖိုးကဲတို့ ဋ္ဌာနေသည် ယခုအချိန်တွင် ဘိန်းစာ ရွက်ပြုတ်သည့် ဒယ်အိုးကြီးဘေးနားတွင်သာ နွံနစ်နေသည့် ကော်သူးလေ၏ အနာဂတ်ကြယ်ပွင့်များ မူးယစ်နွံထဲမှ ရုန်းထွက်နိုင်ရန် ရှေ့ဆောင်လမ်းပြမည့် အစုအဖွဲ့များ (သို့မဟုတ်) တာဝန်ရှိသူများက အလေးထား လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။



















