ဇူလိုင် ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်စစ်ကောင်စီတပ်ဖွဲ့မှ wyf အင်အားများ တိုးချဲ့လာပြီး မြို့ပေါ်ရပ်ကွက်တိုင်းတွင် လှည့် လည်စစ်ဆေးမှုများ ဆောင်နေကြောင်း မြို့ပေါ်ဒေသခံများက ပြောသည်။
မြို့ခံအမျိုးသမီးတစ်ဦးက”မနေ့က တစ်နေကုန်မြို့တွင်း ရပ်ကွက်တိုင်းမှာ လှည့် လည် စစ်ဆေးနေတယ်။ ဖမ်းဆီးတာတော့ မကြားသေးဘူး။ စက်သေနတ် တွေနဲ့ ကား(၈)စီး လောက်ရှိမယ်။ ဒီမနက်လည်း ရဲဘော်ကားတစ်စီးနဲ့ BGF တစ်စီး ကားအပြည့်ထွက်သွားတယ်။ မြို့ထဲမှာ စစ်အင်အားလည်း တိုးချထားတယ်”ဟု ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်သည် မြို့တွင်း တပ်အင်အားတိုးဖြည့်တင်းပြီး လှည့်လည် စစ်ဆေးသွားလာနေသည့် တပြိုင်နက် မြို့ပေါ်အခြေစိုက် ခလရ ၉၇ တပ်ရင်းက လည်း အနီးအနားကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ် လုပ်ဆောင်နေကြောင်း တော်လှန်ရေးနှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။
“အင်အားတိုးချလာတာက နှစ်ရက်သုံးရက်ရှိပြီး။ သူတို့(စစ်ကောင်စီ)တွေ လှည့် လည်သွားလာတာက အမြဲလုပ်နေတာပဲ။ မြို့အနီးသူတို့လူရှိတဲ့ရုံးကြီးတို့ ထိပဲ။ မနေ့ကလည်း အာရှလမ်းဘက်တက်လာသေးတယ်”ဟု ၎င်းက ပြောသည်။
ယမန်နေ့ နံနက်၇ နာရီဝန်းကျင်တွင် ကော့ကရိတ်မြို့အခြေစိုက် ခလရ-၉၇ တွင် ဗုံးပေါက်ကွဲသံများကြားရပြီး ဒရုန်းဖြင့် တိုက်ခိုက်ခံရသေးကြောင်း မြို့ခံများက ပြောသည်။ အလားတူ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်မှုရှိသလို ဒရုန်းဖြင့် တိုက်ခိုက်မှုလည်းရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီ အမြှောက်တပ်ကလည်း မြို့အနီး အနားရှိ ကျေးရွာဘက်သို့ လက်နက်ကြီးများ နေ့စဉ်အဆက်မပြတ် ပစ်ခတ်မှုလုပ်ဆောင်၍ အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်အပြင် လူနေအိမ်၊ အိမ်မွေး တိရစ္ဆာန်နှင့် ဥယျာဉ်ခြံများ ထိခိုက်ပျက်စီးရှုံးဆုံးမှု အများအပြားရှိကြောင်း ဒေသခံ များက ပြောသည်။
စစ်ကောင်စီတပ်၏ နေ့စဉ်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကော့ ကရိတ်မြို့အနီးရှိ ကျေးရွာသူ/ကျေးရွာသားများသည် အသက်ဘေးလွတ်မြောက်ရာ သို့ နေရပ်စွန့်ခွာတိမ်းရှောင်သူများရှိပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။



















