Home သတင်း ညောင်လေးပင်ခရိုင်တွင် ၃ ရက်အတွင်း စစ်ကောင်စီ၏ နေအိမ်မီးရှို့မှု အလုံး ၅၀ နီးပါးရှိလာ

ညောင်လေးပင်ခရိုင်တွင် ၃ ရက်အတွင်း စစ်ကောင်စီ၏ နေအိမ်မီးရှို့မှု အလုံး ၅၀ နီးပါးရှိလာ

786

ဇူလိုင်လ(၂၁)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် မီးရှို့ခံခဲ့ရသော ဒေသခံနေအိမ်အရေအတွက်သည် ကျေးရွာနှစ်ရွာပေါင်း အလုံး (၅၀)နီးပါးရှိလာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)များပါဝင်သော စစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင်လ(၁၈)ရက်နေ့တွင် မုန်းမြို့နယ်ရှိ နိုကူးကျေးရွာအတွင်းဝင်ရောက်၍ ဒေသခံများပိုင်ဆိုင်သော နေအိမ်(၂၇)လုံးအပါအဝင် တဲကုတ်၊ စပါးကျီနှင့် စက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သလို ဇူလိုင်လ(၂၀)ရက်နေ့က ကျောက်တံခါးမြို့နယ်ရှိ နံဇကျေးရွာမှ နေအိမ်(၂၁)လုံးနှင့်စပါးကျီများကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

အဆိုပါမီးရှို့ခံရသည့်နေအိမ်များရှိရာ ရွာနှစ်ရွာမှဒေသခံအများစုမှာ ကရင်လူမျိုးများဖြစ်ပြီး ဗမာလူမျိုး အနည်းစုလည်း ရောနှောနေထိုင်ကြကြောင်း၊ စစ်ကောင်စီတပ်များက ထိုရွာများတွင် တော်လှန်ရေး အင်အားစုများ ခိုအောင်းနေနိုင်မည်ဟု ယူဆ၍ ထိုသို့မီးရှို့ဖျက်ဆီးကြခြင်းဖြစ်နိုင်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။

“ကြွက်မနိုင် ကျည်မီးရှို့တဲ့သဘောပေါ့။ ဒီဘက်ခြမ်းမှာဆိုရင် ကေအဲန်ယူနဲ့PDF တွေ ခိုနေနိုင်တယ်ဆိုတဲ့ သ ဘောနဲ့ ဒီရွာတွေသာမရှိရင် ဘယ်တော်လှန်ရေးတပ်ဖွဲ့တွေမှ မနေနိုင်ဘူးဆိုပြီး အခုလိုဒေသခံတွေရဲ့ နေအိမ် တွေကို ပစ်မှတ်ထားမီးရှို့တာလို့ထင်တယ်။ ဒီလိုလုပ်လို့ပြည်သူနဲ့တော်လှန်ရေးအင်အားစုတွေနဲ့ စိတ်ဝမ်းကွဲ နိုင်စရာမရှိဘူး။ သူတို့လုပ်နေတာကို ပြည်သူကထင်ထင်ရှားရှားသိနေတာကိုး” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် နံဇကျေးရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရောက်စဥ် တော်လှန်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၍ ဒေသခံများ စောစီးစွာ ရှောင်တိမ်းခဲ့ကြသဖြင့် နေအိမ်များမီးရှို့ခံရချိန် လူသူမရှိသောကြောင့် ထိခိုက်မှုလည်းမရှိသလို နိုကူးကျေးရွာသည်လည်း ပြီးခဲ့သည့်နှစ် တိုက်ပွဲများ ဖြစ်ပွားစဥ်ကတည်းက စစ်ဘေးကြောင့် နေထိုင်သူမရှိသောရွာတစ်ရွာဖြစ်ကြောင်း ကေအဲန်ယူနှင့် ဒေသသတင်းအရင်းအမြစ်များမှ သိရသည်။

အဆိုပါအရပ်သားနေအိမ်မီးရှို့ခြင်းဖြစ်ရပ်များသည် ယခု ၂၀၂၃ခုနှစ်အတွင်း အများဆုံးတွေ့ရှိရသော စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သလို ဒေသခံလူထုများကို ပစ်မှတ်ထား၍ လက်နက်ကြီး ဖြင့်လည်းကောင်း လေကြောင်းဖြင့်လည်းကောင်း တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများစွာ အသက်ဆုံးရှုံးရပြီး လူထုပိုင်ဆိုင်သောပစ္စည်းဥစ္စာများသည်လည်း ဖျက်ဆီးမှုခံနေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)၏ပြောခွင့်ရ စောနန္ဒဆူးက ယခုလိုပြောသည်။

၎င်းက “ပြည်သူရဲ့ဘေးကင်းလုံခြုံမှုကို အများကြီးထိခိုက်တာပေါ့။ တိုက်ပွဲဖြစ်ပွားတိုင်းမှာလည်း ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေက ဒီနှစ်အစောပိုင်းမှာ ကျနော်တို့အနေနဲ့ အများဆုံးတွေ့ရှိရတဲ့မှတ်တမ်းတွေ လူ့အခွင့်အရေးချိုးဖောက်တာတွေဖြစ်တယ်။ ဒါတွေဟာ ပြည်သူရဲ့လွတ်လပ်စွာသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေးနဲ့လူမှုဘဝကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေတယ်” ဟု စောနန္ဒဆူးက ကေအိုင်စီသို့ပြောသည်။

ဆက်လက်တိုးပွားလာနေသော စစ်ဘေးရှောင်အရေအတွက်များအား ကရင်အရပ်ဘက်အဖွဲ့များအနေဖြင့် အတိအကျ လက်လှမ်းမီနိုင်ရန်ခက်ခဲသော်လည်း ကေအဲန်ယူအုပ်ချုပ်ခရိုင်အားလုံးတွင် စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းကျော်ရှိလာပြီး ထိုအထဲတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ် အများဆုံးခံနေ ရသော ကေအဲန်ယူ၏ ထိန်းချုပ်နယ်မြေခရိုင်များအနက် ညောင်လေးပင်ခရိုင်သည်လည်း အပါအဝင် ဖြစ်ကြောင်း KHRG ၏ မှတ်တမ်း ပြုစုချက်အရ သိရသည်။