ဇူလိုင်လ(၂၁)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့တွင် ဇူလိုင်လ(၁၈)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ ဝင်တစ်ဦးနှင့် ဆိုင်ကယ်ခြင်းတိုက်မိသည့် ဒေသခံအမျိုးသားတစ်ဦးအား ထိုတပ်ဖွဲ့ဝင်က တပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ပြီးနောက် ငွေနှစ်သိန်းဖြင့် အလောင်းပြန်လာရွေးရန် မိသားစုထံ အကြောင်းကြားခဲ့ကြောင်း နီးစပ်သည့် ဒေသခံများထံမှသိရသည်။
ကျိုက်ထိုမြို့နယ်၊ ချောင်းစောက်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်ဈေးဆိုင်ဖွင့်လှစ်ထားသော အဆိုပါအမျိုး သားသည် သိမ်ဇရပ်သို့ဈေးလာဝယ်စဥ် စစ်ကောင်စီ၏အမြှောက်တပ်ရင်း (အမတ-၃၁၀) မှ တပ်ဖွဲ့ဝင် တစ်ဦးနှင့် ဆိုင်ကယ်ခြင်းတိုက်မိခဲ့ပြီးနောက် အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်တွင်းသို့ဖမ်းဆီး ခေါ်ဆောင်သွား၍ သတ်ဖြတ်ပစ်ခဲ့ပြီးမှ အလောင်းအား ငွေကျပ်နှစ်သိန်းဖြင့် ပြန်ရွေးယူရန် မိသားစုထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော မိသားစု နှင့် နီးစပ်သူ တစ်ဦးက ယခုလိုပြောသည်။
“သူ့အမျိုးသမီးဆီ (၁၉) ရက်နေ့က အလောင်းလာပြန်ရွေးဖို့အကြောင်းကြားလာတာ စာထဲမှာတော့ ငွေ နှစ်သိန်းကိစ္စမပါဘူး။ ဆိုင်ကယ်နဲ့ပစ္စည်းတွေလည်းပြန်မပေးဘူး။ သူတို့လင်မယားက ချောင်းစောက်မှာ ဈေးဆိုင်သေးသေးလေးဖွင့်ထားတာ။ မနှစ်ကပဲ သူတို့ကလေး တစ်နှစ်သားအရွယ်လေး သွေးလွန်တုပ် ကွေးနဲ့ဆုံးသွားသေးတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
သတ်ဖြတ်ခံလိုက်ရသည့် အမျိုးသား၏ ဇနီးသည်ဖြစ်သူမှာ ခင်ပွန်းဖြစ်သူ၏ အလောင်းကို ငွေကျပ် ၂ သိန်းပေး၍ ဇူလိုင်လ ၁၉ ရက်နေ့က ပြန်ရွေးယူခဲ့ရပြီး အဆိုပါနေ့တွင်ပင် မီးသင်္ဂြိုလ် ပေးလိုက်ကြောင်း လည်း အဆိုပါ နီးစပ်သူ တစ်ဦးက ဆက်ပြောသည်။
သတ်ဖြတ်ခံရသူမှာ အသက် (၂၅) နှစ်အရွယ် မောင်ချစ်လေးဆိုသူ ဖြစ်ပြီး စစ်ကောင်စီတပ် အလောင်းသွား ယူရန် အကြောင်းကြားလာသော စာထဲတွင် ဇီးပြောင်းရွာတွင်နေထိုင်သော မောင်ချစ်လေးသည် သိမ်ဇရပ် မြို့တိုက်နယ်ဆေးရုံတွင် သေဆုံး သွားခြင်းဖြစ်ကြောင်းသာ တိုက်နယ်ဆရာဝန်၏လက်မှတ်ဖြင့် ဖော်ပြထား သည်။
ထို့အပြင် အဆိုပါ မောင်ချစ်လေးဆိုသူမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသို့ ထောက်ပို့လုပ် ဆောင်သဖြင့် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု စစ်ကောင်စီဘက်မှ သတင်းများပြန်လွှင့်ခဲ့သော်လည်း သတ်ဖြတ်ခံရသူမှာ သာမန် အရပ်သားတစ်ဦးသာ ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူဒေသခံများက ပြောဆိုကြသည်။
အမည်မဖော်လိုသောအခြားဒေသခံတစ်ဦးက “သူက သာမန်အရပ်သားပါ။ ဆိုင်ကယ်တိုက်ပြီး တပ်ထဲ ခေါ်လာတယ်။ စစ်ဆေးမေးမြန်းပြီးတော့ ရိုက်နှက်ထုထောင်းထားတာ သေခါနီးမှဆေးရုံပို့တော့ ကုမရ တော့လို့ သေမှ မိသားစုကိုအကြောင်းကြားတာ” ဟု ကေအိုင်စီသို့ပြောသည်။
ယခုလပိုင်းအတွင်း သထုံခရိုင်တွင် စစ်ကောင်စီ၏အရပ်သားဖမ်းဆီးမှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီး အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်၍ သတ်ဖြတ်ခံရခြင်းများလည်း ရှိနေကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များက ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ဆီအုန်းခြံ နောက် ကျောရှိ ဒေသခံတစ်ဦးပိုင်ဆိုင်သော ရွှေစက်အတွင်းသို့ စစ်ကောင်စီတပ်များ အင်အားအများ အပြား ဖြင့်ဝင်ရောက်၍ အလုပ်သမားနှင့်အခြားဒေသခံ စုစုပေါင်း (၁၆)ဦးထက်မနည်းအား ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး ယနေ့အချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံနှင့် နီးစပ်သည့် စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။
ထို့အတူ စစ်ကောင်စီသည် လက်ရှိ ကျိုက်ထိုမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်များတိုးချဲ့တပ်စွဲကာ ကန့်သတ် စစ်ဆေးတားမြစ်မှုများလုပ်ဆောင်ခြင်း၊ ဂိတ်ကြေးအဆမတန်ကောက်ခံခြင်းများကြောင့် ဒေသအတွင်း ကုန်စည်စီးဆင်းမှုနှောင့်နှေး၍ ဒေသခံများ စားဝတ်နေရေးအခက်အခဲများကြုံလာရကြောင်း ကေအဲန်ယူ ဗဟိုက ဇူလိုင်လ(၁၇)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။



















