ဧပြီလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ပြင် မဲကနယ်တုံးတံတားကျေးရွာဘက်တွင် ယနေ့ ဧပြီလ ၁၁ ရက်၊ နံနက်က လေယာဉ် ၂ စင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီလက်နက်ကြီးပစ်နေရာများမှ အမြှာက် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။
မြဝတီမြို့ပြင် မဲကနယ်၊ တုံးတံတားကျေးရွာဘက်များတွင် ပြီးခဲ့သည့် ဧပြီလ ၄ရက်မှ ယနေ့ဧပြီလ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-KNLA ပူးပေါင်းတိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ နံနက် ၇နာရီခန့်က တုံးတံတားကျေးရွာ ဘက် လေယာဉ် ၂ စင်းမှ ပေါင် ၅၀၀ ဗုံးသီးကြဲချတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။
“အခု မနက်ပိုင်း လေယာဉ် ၂ စင်းလာတယ်။ တစ်ပတ်နှစ်ပတ်ပတ်ပျံဝဲပြီးတော့ တုံးတံတားရွာဘက်ဗုံး ကြီးပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတယ်ပစ်တယ်။ အတွင်းမဲကနယ်ရွာဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာ တယ်။ BGF တွေနဲ့ပေါ့။ စစ်တပ်က အမြှောက်တပ်ဖွဲ့ ၃ ခုကနေ လက်နက်ကြီးတွေ တောင်ကြောတွေဘက် အဆက်မပြတ်ပစ်ထုတ်နေတယ်။ သင်္ဃန်းညီနောင်၊၂၇၅ တပ်၊ ၃၅၅ တပ်ဘက်တွေကနေ ပစ် တယ်။ သူတို့ကော်ဘရာစစ်ကြောင်းကို စစ်ဆင်ရေးအရှိန်မြှင့် တိုက်ခိုက်နေတာမှာ နှစ်ဖက်စလုံး တော်တော်လေး တိုက်ပွဲပြင်းနေတယ်”ဟု KNLA ပူးပေါင်းတပ်ဖွဲ့ စစ်ရေးသတင်းအရင်း အမြစ်က ပြောသည်။
လတ်တလောတွင် KNLA ပူးပေါင်းကော်ဘရာစစ်ကြောင်း၊ တပ်မဟာ(၆) KNU/KNLA၊ ကျားသစ်နက် စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များ မြတီမြို့အနီးရှိ စစ်ကောင်စီ တပ်နှင့် BGF တပ်နေရာများကို စစ်ဆင်ရေးဆက်လက်ဖော်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်တပ်ဘက်က ဗိုလ်အဆင့် ၂ ဦးအပါအဝင် ၃၀ ဦးခန့် သေဆုံးပြီး ၃၃ ဦးခန့် ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိထားကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ၃ ဦးကျဆုံးကာ ၅ဦးခန့် ဒဏ်ရာရှိပြီး တိုက်ခိုက်ရေး ဒရုန်းယာဉ် ၂ စီး ပျက်စီးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏ ယမန်နေ့ ထုတ်ပြန်ထားသည်။
“စစ်တပ်ဗျူဟာရော၊ ရဲစခန်းရော၊ မုတ်သုန် BGF စခန်းရော ကရင်ပူးပေါင်းစစ်ကြောင်းတွေ ဝင်တိုက်တာမှာ စစ်တပ်၊ BGF တွေ အကျများတဲ့အပြင် စစ်ကတုတ်တွေ၊ စခန်းကုန်းတွေပါ အသိမ်းခံရ၊ မီးရှို့ခံရတော့ စစ်အင်အားတွေ ဖြည့်ပြီး၊ မြေပြင်ရော၊ လက်နက်ကြီးရော၊ လေကြောင်းကပါ ဗုံးကြီးရော၊ ပစ်ကူရောတောင်းပြီး တိုက်နေတာမျိုး ကြုံနေရတယ်။ ”ဟု သင်္ဃန်းညီနောင် ရွာသစ်ရွာသားက ပြောသည်။
ထို့အပြင် ဧပြီလ ၄ ရက်မှ ၉ ရက်နေ့ ရက်အတွင်း စစ်ကောင်စီတပ် နှင့် BGF တပ်ဘက်မှ လက်နက်ကြီးအများအပြားအသုံးပြုပစ်ခတ်ခဲ့သဖြင့် မဲကနယ်၊ တုံးတံတား၊ မြစန္ဒီကွက်သစ်၊ အောင်မြေရွှေဘုံရပ်ကွက်များမှ ဒေသခံ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရပြီး ဒေသခံ ပြည်သူများ၏နေအိမ်များ၊ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးကာ အိမ်မွေး နွား၊ ဝက်စသည့် တိရစ္ဆာန်များလည်း သေကြေပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။



















