Home သတင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် တလုတ်ထော်မြို့နယ်ရှိ မတ်ပဲစိုက်တောင် သူများ အခက်ကြုံနေရ

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် တလုတ်ထော်မြို့နယ်ရှိ မတ်ပဲစိုက်တောင် သူများ အခက်ကြုံနေရ

860
Photo: CJ

ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တလုတ်ထော်မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော် ဝါ ရီလ(၁၇)ရက်နေ့က အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ပဲ‌များမိုးရေထိပြီး တစ်ဝက်ဈေးဖြင့်ရောင်းချရမည့် အခြေအနေများဖြစ်လာသဖြင့် မတ်ပဲစိုက် တောင် သူများ အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဒေသရှိ တောင်သူအများစုမှာ ဆောင်းအကုန်ကာလ စပါးရိတ်သိမ်းပြီးချိန်တွင် မတ်ပဲများစိုက်လေ့ရှိကာ ထိုနေ့က ရုတ်တရက်မိုးရွာချမှုကြောင့် နုတ်ပုံထားသောပဲများ မိုးရေထိပြီး ပုံမှန်ဈေးမရရှိတော့သဖြင့် အစာဖိုးနှင့် ပဲစိုက်ခများဆုံးရှုံးရမည့်အပြင် အရင်းအနှီးပြန်လုပ်ရန် အဆင်မပြေတော့ကြောင်း မတ်ပဲ စိုက်တောင်သူတစ်ဦးက ပြောသည်။

၎င်းက “မိုးက ရုတ်တရက်ထရွာလိုက်တော့ ကျနော်တို့တွေ တော်တော် ဒုက္ခရောက် တယ်။ ပဲအပုံလိုက်ကို မိုးမိသွားတာလေ၊ ကျနော်တို့မှာ လူငှားပြီး ပဲပုံထားရတာ တွေရှိ တယ်၊ ငှားရိတ်ထားရတာတွေရှိတယ်။ ဒီနေ့အထိ မိုးက တက်လိုက်ပျောက်လိုက် ဖြစ်နေတယ်။ ပြန်ရောင်းရင်လည်း မိုးမိတဲ့ပဲတွေက အခွံကျွတ်မယ်၊ ကွဲမယ်သတ်မှတ် ထားတဲ့ဈေးလောက်မရတော့ဘူး။ ဈေးလျော့တာအပြင် တချို့ပွဲစားတွေဆိုရင် လုံးဝပဲမကောက်တော့တဲ့အနေအထားလည်းရှိတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ပွဲစားများက မြို့ရွာအထိလာရောက်၍ ပဲဝယ်ယူခြင်းများရှိသလို တောင်သူ များကိုယ်တိုင် ပွဲရုံများအထိ ပဲသွားသွင်းရခြင်းလည်းရှိပြီး ပဲဈေးမှာ ပုံမှန်မရှိဘဲ အများအားဖြင့် ပဲတစ်တင်းလျှင် မြန်မာကျပ်ငွေ ၆၀,၀၀၀ ဝန်းကျင်နှင့် ဟင်္သာတမြို့ကုန်စည်ဒိုင်များက သတ်မှတ်သည့်ဈေးအတိုင်း အတက်အကျရှိ ကြောင်းလည်း ထိုတောင်သူက ဆက်ပြောသည်။

“ ပဲခင်းတွေဆို ပဲမနုတ်ရသေး တဲ့သူတွေလည်းရှိတယ်၊ နုတ်ပြီးပုံထားတဲ့သူတွေ လည်း ရှိတယ်၊ အဲ့လို အချိန်မှာ မိုးက ရုတ်တရက်ရွာချတော့ ပဲတွေကရေထိပြီး ဈေးကအရင် လိုမရတော့ဘူး။ ဒိုင်တွေအပေါ်မူတည်ပြီး တစ်ဝက်နှုန်းနီးပါးလောက် လျော့သွား တယ်။ ပြီးတော့ အရင်က ပဲအစာအိတ်တွေက တစ်အိတ်ကို လေးသောင်းခွဲဝန်း ကျင်ရှိတယ်။ အခု နိုင်ငံရေးမကောင်းတဲ့နောက်ပိုင်း အစာအိတ်ဈေးက တစ်အိတ်ကို တစ်သိန်းကျော်ဖြစ်နေပြီ။ အဲဒီအစာအိတ်ဖိုးတွေလည်း ရှုံးတာပေါ့။” ဟု အခြား မတ်ပဲစိုက်တောင်သူ တစ်ဦးကလည်း ပြောသည်။

ဖေဖော်ဝါရီလ ၁၇ရက်နေ့က ရုတ်တရတ်ရွာချသည့်မိုးနှင့်လေပါ ရောပါတိုက်ခတ် သောကြောင့် ပဲစိုက်တောင်သူများအခက်ကြုံရသည့်အပြင် ကွမ်းခြံလုပ်ငန်း လုပ်ကိုင် သူအချို့၏ ကွမ်းခြံများလည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံတောင်သူများက ပြော သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဧရာဝတီတိုင်းရှိ ကျေးရွာများ၏ ပဲစိုက်ခင်းများတွင် အရွက် များဝါ၍ ပိုးကျပြီး အသီးမတင်သောကြောင့် ပိုးသတ်ဆေးနှင့် အပင်အား ဆေးဖြန်းများ ဖြန်းရမည်ဖြစ်သော်လည်း ယခင်စစ်တပ်အာဏာမသိမ်းခင်ကထက် ဖြန်းဆေးဈေး နှုန်းကြီးမြင့်လာသောကြောင့် တောင်သူအများစုမှာ ပဲစိုက်ခင်းများကို စွန့်လွှတ် လိုက်ရကြောင်း ဒေသခံတောင်သူများ၏ ပြောစကားအရ သိရသည်။