Home သတင်း စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်စစ်ဘေးရှောင် ၃ ဦးဒဏ်ရာရ

စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်စစ်ဘေးရှောင် ၃ ဦးဒဏ်ရာရ

1100
Photo: CJ

ဖေဖော်ဝါရီလ ၂၀ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း ရှိ စစ်‌ဘေးရှောင်‌သူများ ယာယီခိုလှုံနေထိုင်ရာနေရာကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ရက် ည ၁၂ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် ၁၄ အရွယ် မိန်းကလေးတစ်ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ ည စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင် နော်နန္ဒာဝင်း ၁၄နှစ်၊ နော်နော်လှထွေး ၃၆ နှစ်နှင့် စောဖားထုတ်ဒေါ ၄၄ နှစ်တို့ သုံးဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ အတည်ပြုပြော သည် ။

၎င်းက “၁၄ နှစ်အရွယ် မိန်းကလေး ၁ ဦးထိခိုက်တယ်။ စစ်ဘေးရှောင်ရွာသားအားလုံး ၃ ဦးထိတယ်။ အခုလာပစ်တဲ့လေယာဉ်က ရန်သူကိုလာပစ်တာလား၊ ပြည်သူကိုပဲ လာပစ် တာလား သိချင်တယ်။ ပြည်သူလူထုတွေရှိရာပဲ လိုက်ပစ်တယ်။ ပြည်သူ ကိုပစ်တော့ တိုင်းပြည်ရမှာလား။ ရွာသားတွေ သူတို့(စစ်ကောင်စီ)ကို မဆန့်ကျင်ဘဲ အေးအေးချမ်း ချမ်းနဲ့နေရပ်စွန့်ခွာတိမ်းရှောင်နေရတာ ဒုက္ခရောက်နေပြီး”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခကြောင့် ကော့ကရိတ်မြို့အနီး ကျေးရွာများရှိ ဒေသခံများသည် ယခင်နှစ်ဒီဇင်ဘာလ လယ်ပိုင်း မှ စ၍ ယခုချိန်ထိ ကာလအတန်ကြာ နေအိမ်စွန့်ခွာတိမ်း‌ရှောင်နေကြရခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ရှောင်ကာလ ကြာလာသလို စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု စသည့် မဆင်မခြင်လုပ်ဆောင်မှုများကြောင့် စစ်ဘေး ရှောင်ပြည်သူများမှာ စိတ်ဓာတ်များကျဆင်းကာ စိတ်ဒဏ်ရာများ ရရှိ ခံစားနေကြရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“ထွက်ပြေးလာတာလည်း ကြာပြီး။ ကိုယ့်အိမ် ကိုယ့်ရွာလည်းပြန်နေချင်ပြီး။ တစ်ချို့ကတောတောင်ထဲ၊ သူများကျေး ရွာမှာ အကြာကြီးနေရတော့ ဒုက္ခအမျိုး မျိုးရှိတယ်။ တိမ်းရှောင်တဲ့လူတွေက မကျန်းမာတဲ့သူ၊ အသက်ကြီးတဲ့လူ၊ ဗိုက်ကြီးသည် အမျိုးမျိုးပါတယ်။ ကြာလာတော့ စိတ်ဓာတ်ကျလာတယ်။”ဟု ကော့ကရိတ်တောင်ပိုင်း စစ်ဘေးရှောင်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က မကြာခဏ မကြောင်းမဲ့ လက် နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တို့ကြောင့် အရပ်သားပြည်သူ ဒါဇင်ဝက်ကျော် ထိခိုက်သေဆုံးခဲ့ရပြီဟု စစ်ရှောင်ကူညီသူများက ပြောသည်။

ထို့အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ထိုစစ်ရှောင်များ ခိုလှုံရာနေရာသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ လုပ်ဆောင်ခဲ့သေးသလို ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင်လည်း ကော့ကရိတ်မြို့ အနီး၌ လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်လက်ကြားနေရကြောင်း ဒေသခံများက ပြောသည်။