Home သတင်း ကရင်နေ့ထူးနေ့မြတ် ၃ခု အခမ်းအနားကို စျေးရောင်းပွဲတော်နှင့်အတူ ဩစတြေးလျားကရင်အဖွဲ့အစည်း(AKO) ပူးတွဲကျင်းပ

ကရင်နေ့ထူးနေ့မြတ် ၃ခု အခမ်းအနားကို စျေးရောင်းပွဲတော်နှင့်အတူ ဩစတြေးလျားကရင်အဖွဲ့အစည်း(AKO) ပူးတွဲကျင်းပ

1161

ဖေဖော်ဝါရီ ၁၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဩစတြေးလျားကရင်အဖွဲ့အစည်း(Australian Karen Organization-AKO)က ၇၄နှစ်မြောက် ကရင့်တော်လှန်ရေးနေ့၊ ၇၅နှစ်မြောက် ကရင်အမျိုးသားအစည်း အရုံးနေ့၊ ၇၆နှစ်မြောက် ကရင်အမျိုးသားနေ့ ဟောပြောပွဲအခမ်းအနားနှင့် ရန်ပုံငွေရှာဖွေရေး စျေးရောင်းပွဲတော်တို့ကို နယူးဆော့သ်ဝေးပြည်နယ်၊ ဆစ်ဒနီမြို့ရှိ Villawood Senior Citizen Hall ၌ ဖေဖော်ဝါရီ ၁၈ရက်၊ ယမန်နေ့က တစ်ပြိုင်နက်တည်း ပူးတွဲကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါပွဲကို AKO က နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မနက် ၈နာရီမှ မွန်းလွှဲ ၂နာရီအချိန်ထိ ပြုလုပ်ခဲ့ကြပြီး မနက် ၉နာရီမှ ၁၂နာရီအထိ စျေးရောင်းပွဲ တော်တွင် ဩစတြေးလျားနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားများက မုန့်ဟင်းခါး၊ ဒန်ပေါက်၊ အကြော်စုံ၊ တို့ဟူးသုပ်၊ ထမနဲ၊ ဟင်းမျိုးစုံ၊ ဟာလဝါမုန့်၊ အုန်းနို့ခေါက်ဆွဲ စသည့် မြန်မာအစားအစာများနှင့် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များကို ရောင်းချခဲ့ကြပြီး ရရှိလာသည့်ရန်ပုံငွေများကို ကရင်ပြည်နယ် အတွင်းရှိ စစ်ဘေးရှောင်များ အပါအဝင် အခက်အခဲရှိသူများထံ ပေးပို့ကူညီသွားမည်ဖြစ်ကြောင်း ဦးဆောင်ကျင်းပသူများထံမှ သိရသည်။

“ဒီနေ့ ကရင့်အမျိုးသားများရဲ့ နေ့ကြီး ၃ရက်နဲ့ ကရင်ပြည်နယ် ရန်ပုံငွေရှာပွဲက စုစုပေါင်း AU$ 7951.80 ရရှိပါတယ်။ စျေးဆိုင်များအားဖြင့် ကူညီသူတွေနဲ့လာ ရောက်အားပေးကြတဲ့ ရင်ဘတ်ချင်းတူ နွေဦးတော်လှန်ရေးအတွက် အမာခံမိဘပြည်သူများအား AKO အဖွဲ့အစည်းက ကျေးဇူးအထူးတင်ရှိပါတယ်။ စစ်အာ ဏာရှင်ပြုတ်ကျ၍ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်သည်အထိ အတူလက်တွဲသွားမယ်လို့ သံဓိဠာန်ပြုပါတယ်။ အရေးတော်ပုံ အောင်ကို အောင်ရမယ်။”ဟု AKO ဥက္ကဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင် စောလွင်ဦးက အခမ်းအနား၌ ပြောကြားခဲ့သည်။

မွန်းလွှဲပိုင်းတွင် ဆက်လက် ကျင်းပသည့် ကရင်နေ့ထူးနေ့မြတ် ၃ခုအတွက် အခမ်းအနားတွင် လူဦးရေ ၇၀ကျော် တက်ရောက်ခဲ့ကြပြီး အစီအစဉ်အရ ကရင် အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ ကရင့်တော်လှန်ရေးနေ့၊ ကေအဲန်ယူဖွဲ့စည်းတည်ထောင်သည့်နေ့၊ ကရင်အမျိုးသားနေ့များ ဖြစ်ပေါ်လာပုံများနှင့် နိုင်ငံတကာကရင်အဖွဲ့အစည်း (International Karen Organization – IKO)၏ သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ ကရင်လူငယ်မောင်မယ်များက ဂုဏ်ပြုသီချင်း များ သီဆိုခြင်း၊ ကရင်တော်လှန်ရေးအကြောင်း ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

၎င်းအခမ်းအနား တက်ရောက်ခဲ့သူ ကရင်တော်လှန်ရေး၏ ကျောင်းဆရာဟောင်းဖြစ်ခဲ့သူ မန်းချစ်စိန်က “ကရင်တွေဟာ စစ်အာဏာရှင်နဲ့ မဟာလူမျိုးကြီး၀ါဒ ကို ဘယ်လောက်တိုက်နေရတယ်။ ဖက်ဒရယ်စနစ်ကို အသံတိတ် ကြွေးကြော်သံကြီးလေးရပ်နဲ့ ဘယ်အချိန်ထဲကစပြီး တောင်းဆိုနေတာလဲ ဆိုတာတွေအပြင် ကရင့်အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ ကရင့်တော်လှန်ရေးနေ့သမိုင်းနဲ့ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ကို ဘယ်လိုအခက်အခဲကြားက အုတ်မြစ် ချတည်ဆောက်ခဲ့ရတဲ့ သမိုင်းကြောင်းကို ဒီကနေ့ တော်လှန်ရေးနယ်မြေဆီ ရောက်နေတဲ့ NUG, PDF နဲ့ ကရင့်မျိုးဆက်လူငယ်လေးတွေ သိထားစေချင်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

AKO အနေဖြင့် ဦးဆောင်ပြုလုပ်ခဲ့သည့် ယင်းအခမ်းအနား ဟောပြောပွဲသို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ဩစတြေးလျားနိုင်ငံ ကိုယ်စားလှယ် ဒေါက် တာထွန်းအောင်ရွှေလည်း တက်ရောက်ခဲ့ပြီး ဂုဏ်ပြုအမှတ်တရစကား ပြောကြားသွားခဲ့သည်။

ကရင့်တော်လှန်ရေးနေ့မှာ ဇန်နဝါရီလ ၃၁ရက်နေ့၊ ကေအဲန်ယူဖွဲ့စည်းသည့်နေ့မှာ ဖေဖော်ဝါရီလ ၅ရက်နေ့နှင့် ကရင်အမျိုးသားနေ့မှာ ဖေဖော်ဝါရီ ၁၁ရက်နေ့တို့ ဖြစ်သော်လည်း ဩစတြေးလျားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများ၏ အလုပ်အားရက်၊ အားလုံးစုဖွဲ့ ပါဝင်နိုင်မှုနှင့် ကျင်းပမည့်နေရာ အခက်အခဲများကြောင့် ယခုကဲ့သို့ နေ့ထူးသုံးရက်ကို ပူးတွဲပြုလုပ်လိုက်ရခြင်းဖြစ်ပြီး စျေးရောင်းပွဲတော်မှ ရရှိလာသည့် ရန်ပုံငွေများကို ကရင်ပြည်နယ်၊ နယ်စပ်ဒေသများသို့ ပေးပို့သွား ရန် AKO က ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။