Home သတင်း ကော့ကရိတ်တောင်ပိုင်းကျေးရွာများတွင် မြေပဲဈေးကောင်းရနေ

ကော့ကရိတ်တောင်ပိုင်းကျေးရွာများတွင် မြေပဲဈေးကောင်းရနေ

897
Photo: Crd.

ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်း ကျေးရွာများတွင် ယခုလမြေပဲရာသီတွင် ယခင်နှစ်ထက် စျေးကောင်းရနေသည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိကွင်းကလေး၊ ကျိတ်၊ ပိုင်ကလန်ဒုံ၊ မိကသို စသည့် ကျေးရွာများတွင် မိသားစု စားဝတ်နေရေးအတွက် မြေပဲကို အဓိက စိုက်ပျိုးကြပြီး ယခင်နှစ်က မြေပဲတစ်တင်းလျှင် ၁၄,၀၀၀ ကျပ်မှ ယခုနှစ်တွင် ၃၀,၀၀၀ ကျပ်အထိ စျေးကောင်းရကြသည်ဟု မြေပဲ စိုက်တောင်သူများက ပြောသည်။

မြေပဲစိုက်ပျိုးသည့် ကျိတ်ကျေးရွာဒေသခံတစ်ဦးက ရွာမှာစိုက်ပျိုးရေးတော့မြေပဲ ကို အဓိက လုပ်တယ်။ အခြားကတော့ စားဖို့လောက်ပဲစိုက်ကြတယ်။ ဒီနှစ်မြေပဲက ဈေးကောင်းရတော့ မြေပဲစိုက်ပျိုးသူတွေ အဆင်ပြေတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ဒေသခံရွာသူရွာသားများသည် မြေနေရာပေါ်မူ တည်၍ မြေပဲ၊ နှမ်း၊ ပီလောပီနံ၊ ဒူးရင်းနှင့် ကွမ်းသီး စသည့် ရာသီသီးနှံများ စိုက်ပျိုးကြသည်။ ပြီးခဲ့သည့်နှစ်တွင် နယ်မြေတွင်း ဖြစ်ပွားသည့် စစ်ရေး ပဋိပက္ခကြောင့် ဒေသထွက် သီးနှံများဖြစ်ကြသော မြေပဲ၊ နှမ်း ၊ ပီလောပီနံနှင့် ဒူးရင်းသီးများကို လာရောက်ဝယ်ယူသူ နည်းပါး၍ စျေးကောင်းမရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Photo: Crd.

ယခုနှစ်တွင် ထိုင်းဘတ်ငွေ တန်ဘိုးတက်လာသဖြင့် ဒေသတွင်းစိုက်ပျိုး တောင်သူများဈေးကောင်းရနေခြင်းကြောင်း ရာသီသီးနှံရောင်းဝယ်သူများက ကေအိုင်စီသို့ ပြောသည်။

ဒေသတွင်း ရာသီသီးနှံရောင်းဝယ်သူတစ်ဦးက “ဘတ်ဈေးတက်တော့ ဒီနှစ် မြေပဲတို့၊ နမ်းတို့၊ ပီလောပီနံတို့ စိုက်ပျိုးသူတွေ ဈေးကောင်းရတယ်။ ဒီလို ဈေး ကောင်းရတော့ စိုက်ပျိုးရေးလုပ်သူတွေ အဆင်ပြေတာပေါ့လေ”ဟု ပြောသည်။

ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် မြေပဲ၊ နှမ်း၊ ပီလောပီနံ၊ ဒူးရင်းနှင့် ကွမ်း အစရှိသည့် ရာသီသီးနှံများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးသာ အများဆုံးအသက်မွေးလုပ်ကိုင်ကြသည်ဟု သိရသည်။

ယခုနှစ်တွင် မြေပဲ၊ နှမ်းနှင့် ပီလောပီနံတို့ဈေးကောင်းရရှိသော်လည်း ကွမ်းသီး ဈေးမှာ ယခင်နှစ်ကဲ့သို့ စျေးမရှိကြောင်း ရာသီသီးနှံစိုက်ပျိုးသူများက ပြောသည်။