Home သတင်း တပ်မဟာ ၇ ထိန်းချုပ်နယ်မြေတွင် တစ်ရက်အတွင်း လေးကြိမ်ထက်မနည်း လေယာဉ်ပျံဝဲမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရ

တပ်မဟာ ၇ ထိန်းချုပ်နယ်မြေတွင် တစ်ရက်အတွင်း လေးကြိမ်ထက်မနည်း လေယာဉ်ပျံဝဲမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရ

812

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေတွင် ယနေ့ ဖေဖော်ဝါရီလ(၁၈)ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းပျံဝဲမှု လေးကြိမ်ထက်မ နည်းလုပ်ဆောင်သောကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်သဖြင့် နေရပ်စွန့်ခွာထွက်ပြေး နေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ယနေ့ နံနက် (၇)နာရီခန့်တွင် တစ်ကြိမ်၊ (၁၀)နာရီတွင်တစ်ကြိမ် အမြင့်ပိုင်းပျံဝဲခဲ့ပြီး နေ့လည် (၂)နာရီနှင့် (၂)နာရီမိနစ်(၅၀)ခန့်တွင် အနီးကပ် နှစ်ကြိမ်ထပ်မံပျံဝဲကြောင်း လက်ရှိအချိန်ထိ လေကြောင်းပျံဝဲမှု လေးကြိမ်ထက်မနည်းရှိလာကြောင်း ကေအဲန်ယူ တပ်မှူးတစ်ဦးက ပြောသည်။

ထို့အပြင် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများတွင် ယခုဖေဖော်ဝါရီလ အတွင်း ညအချိန်ဒရုန်းနှင့် လေကြောင်းပျံဝဲမှုများ မကြာခဏရှိလာသောကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောက်လန့်ကာ ဗုံးခိုကျင်းတူးခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရကြောင်း လေကြောင်းရန်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ရွာလူကြီးက ရွာကလူတွေအကုန်ရွှေ့ဖို့ဆိုပြီး လိုက်ဆော်ဩတော့ ကျမတို့လည်း အထုပ် ပြင်ပြီးပြေးရတယ်။ များသောအားဖြင့် ညပိုင်းမှာလာဝဲ တာများတယ်။ မနေ့ကရော၊ ဒီနေ့ရော က မနက်ပိုင်းတင် သုံးလေးခါလောက် လာဝဲသွားတာဆိုတော့ ဆက်နေလို့မဖြစ်တော့ဘူးလေ။ ရွာထဲမှာ လည်း ကလေးတွေရော၊ လူကြီးတွေရော ပြေးကုန်ပြီ။ တစ်ခုခုဆိုပြေးနိုင်လွှားနိုင်တဲ့ လူနည်းနည်းပဲ ကျန်ခဲ့တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ထွက်ပြေးတိမ်းရှောင်နေရသော အခြားအမျိုးသမီးတစ်ဦးကလည်း “ဒါမျိူးကိုတစ်ခါမှ မကြုံဖူးဘူး၊ သူများဒေသတွေမှာကြုံနေရတာကိုပဲ ကြားဖူးတာလေ။ အဲ့အချိန်မှာ လေယာဥ်နှစ်စီး လာတယ်လို့လည်းကြားရော ရှိသမျှအထုတ်တွေ ကောက်ထည့်ပြီး ရေလည်းမသောက်ခဲ့ရဘူး၊ ထပြေးလာရတာ။ လူကြီးတွေကတော့ ဟိုရက်ကတည်းပြင်ဆင်ထားဖို့ပြောတယ် ဆိုတော့ ကိုယ်ကတော့အဲ့အချိန်ကတည်းက အရေးပေါ်အိတ်ပြင်ထားတာပါ။” ဟု ပြောသည်။

ထို့အပြင် ယနေ့ နေ့လည် (၂)နာရီဝန်းကျင်ခန့်က တပ်မဟာ (၇)ထိန်းချုပ်နယ် မြေအတွင်း ပျံဝဲလာသော လေယာဥ်မှာ ကေအဲန်ယူ တပ်မဟာ(၅)ဘက်သို့ လေကြောင်းစစ်ကူသွားစဥ် တပ်မဟာ(၇)ဘက်ခြမ်းမှ ပျံဝဲသွားသော ရုရှားလေယာဥ်ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA တပ်မှူးများ၏ ပြောဆိုချက် အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ကေအဲန်ယူတပ်မဟာ(၇)ထိန်းချုပ်နယ်မြေတွင်‌ ညဘက်ပိုင်းတွင် အမည်မသိဒရုန်းပျံဝဲမှုနှင့် လေကြောင်းပျံဝဲမှုများကြောင့် ကေအဲန်ယူနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ ဒေသခံများအား လေကြောင်းရန်သတိထားရန် အထူးသတိပေးထားပြီး နေအိမ်တွင် မနေထိုင်ရဲသည့် အချို့ဒေသခံများမှာ ဘေးလွတ်ရာသို့ ခေတ္တရှောင်တိမ်းခဲ့ရခြင်းများ ရှိဖူးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် ကေအဲန်ယူ မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေ ဘူးသိုမြို့ နယ် သံလွင်မြစ်ကမ်းတစ်နေရာတွင် စစ်ကောင်စီ လေယာဉ် လာရောက်ဗုံးကြဲချမှု လုပ်ဆောင်သွားခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ညတုန်းကလည်း ကေအဲန်ယူ မူတြော် (ဖာပွန်) ခရိုင်(တပ်မဟာ ၅)နယ်မြေတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ရက်ဆက် တိုက်ပြုလုပ်သောကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်အဆောက်အဦးအများအပြား မီးလောင် ပျက်စီးခဲ့သည်ဟု မူတြော်ခရိုင် သတင်းစဉ်က သတင်းထုတ်ပြန် ထားသည်။