Home သတင်း ပြည်နယ်လ၀ကရုံးအနီး ဗုံးပေါက်ဖြစ်စဉ်ပြီးနောက် ချစ်သူလမ်းကြားလမ်းပိုင်းအား ဖြတ်သန်းခွင့် ပိတ်ထား

ပြည်နယ်လ၀ကရုံးအနီး ဗုံးပေါက်ဖြစ်စဉ်ပြီးနောက် ချစ်သူလမ်းကြားလမ်းပိုင်းအား ဖြတ်သန်းခွင့် ပိတ်ထား

1092
Photo: CJ

နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်နေ့ပွဲတော် ကျင်းပခဲ့သည့် နို၀င်ဘာလ ၆ ရက်နေ့တွင် ပြည်နယ် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ၀က) ရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကန်သာယာပတ်လမ်းနှင့် ချစ်သူလမ်းကြားလမ်းပိုင်းအား လမ်းပိတ်ထားကာ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း ဖားအံဒေသခံများက ပြောသည်။

ဖားအံဒေသခံတစ်ဦးက“ပြည်နယ်ပွဲရက်က ဗုံးပေါက်တယ်၊ ဗုံးတွေ့တယ်ဆိုပြီး နောက်မှာ ပြည်နယ်သိရိကွင်းနဲ့ ရုံးကြီးကုန်းဘက်ကို ဖြတ်တက်နိုင်တဲ့လမ်းတွေကို ပိတ်လာတာ၊ အဲ့နေရာတွေက သူတို့ ပြည်နယ်စစ်ကောင်စီ အိမ်ရာ၀င်းနဲ့အနောက်ဘက်လမ်းဆိုတော့ သူတို့မလုံခြုံတော့ဘူး။ အဲ့လမ်းထဲနေတဲ့စစ်ကောင်စီ၀န်ထမ်းတွေ၊ ရပ်ကွက်သားတွေ သူတွေကို ကား၀င်ခွင့် လူနေထိုင်၀င်ထွက်ခွင့်တွေလုပ်ထားပြီး သွားလာကြရမယ့် ပုံစံ ပြောသံကြားနေရတယ်”ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း မြို့နယ် ၇ ခုရှိသည့်အနက် ဖားအံမြို့တစ်ခုသာ ပြည်နယ် စစ် ကောင်စီရုံးစိုက်ရာ မြို့နယ်အဖြစ် လုံခြုံရေးတိုးမြှင့်ချထားကာ စစ်ကောင်စီထောက်ခံသူ အများစုနေထိုင်သည့် ရပ်ကွက်ကျေးရွာများတွင် နယ်ခြားစောင့်တပ် -BGFနှင့် အပစ် ရပ်လက်နက်ကိုင်အဖွဲ့ဝင်အချို့အား ပျော်ပွဲ ရွှင်ပွဲ၊ ဘာသာရေးပွဲတော်များ ကျင်းပခွင့်ပြု ပေးထားပြီးလောင်းကစားဝိုင်းများပါ ထည့်သွင်းကျင်းပခွင့်ပေးထားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

“အခုက တောင်ကလေးတို့၊ နောင်လုံတို့ ဇာသပြင်အဖြောင့်လမ်းတို့ဘက်က ရွာတွေ တော်တော်များများမှာ PC တို့၊ BGF တို့ကို ပွဲလုပ်ခွင့်တွေပေးထားတယ်၊ ဒါတွေကို စစ် ကောင်စီထောက်ခံတဲ့ သူတွေက ဓါတ်ပုံရိုက်တယ်၊ လိုင်းပေါ်တင်ပေးခိုင်းတယ်၊ ဖားအံ ပုံမှန်ပြန်ဖြစ်နေပြီ၊ လာလည်လို့ရနေပြီ ဆိုတာမျိုးတွေ ရေးသားပြီးဝါဒဖြန့် ပုံစံလုပ် လာ တယ်၊ အမှန်တစ်ကယ်က ဖားအံမှာ လုံခြုံရေးက စစ်တပ်တွေရဲတွေ အင်အားမရှိလို့ စစ်တပ်နဲ့ပေါင်းနေတဲ့ BGF တို့၊ PC တို့ဒေသ လက်နက်ကိုင်အဖွဲ့တွေကိုပါ လုံခြုံရေးချ ထားရတာမျိုး ဖြစ်နေတာ”ဟု အခြားဖားအံ ဒေသခံတစ်ဦးကလည်း ပြောသည်။

စစ်အာဏာသိမ်း ကာလ ၂ နှစ် နီးပါးရှိလာချိန်တွင် ကရင်ပြည်နယ်အတွင်း မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ သံတောင်မြို့နယ်များတွင် ဒေသတွင်းကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများဖြစ်ပွားနေသလို ဖားအံမြို့နှင့် လှိုင်းဘွဲ မြို့နယ်များဘက်တွင်လည်း ဒေသတွင်းလုံခြုံရေးစစ်ဆေးရေးဂိတ်များတိုးမြှင့်ချထားကာ စစ်ဆေးမှုများ လုပ်ဆောင် နေသည့်အတွက် ဒေသခံများ လူမှုစီးပွားဘ၀များ ပိုမိုခက်ခဲနေကြရကြောင်း သိရပါသည်။