နိုဝင်ဘာလ ၉ ရက်၊၂၀၂၂ခုနှစ်။ကေအိုင်စီ။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပေါ်နေသော်လည်း မြို့ပေါ်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်ခံသူများ ဦးဆောင်၍ ပျော်ပွဲရွှင်ပွဲများ ပိုမိုပြုလုပ်ကျင်းပလာသည့်အပေါ် မြို့ခံလူထုများအကြား ထောက်ပြဝေဖန်မှုများရှိနေသည်။
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့က ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)၊ Flying Stars ပကဖအဖွဲ့(ဘုတ်ပြင်းမြို့နယ်)တို့ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီ ခမရ(၅၆၀) တပ်ရင်းကြား တိုက်ပွဲများဖြစ်ပွား၍ ကျေးလက်နေပြည်သူများမှာ ကတုတ်ကျင်းများတူကာနေထိုင်ရသော်လည်း မြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲများ ပိုမိုကျင်းပလာနေသည့်အပေါ် ဒေသခံများအကြား ထောက်ပြဝေဖန်လျက်ရှိသည်။
ဘုတ်ပြင်းဒေသခံတစ်ဦးက “မနှစ်ကတောင် အခုလောက်ထိမလုပ်ဘူး။ ဟို့ဘက်ဘုတ်ပြင်းမြို့ နယ် ဝါးဒင်ဝါးချောင်း ယုဇနဆီအုန်းခြံဘက်မှာဆို ပစ်နေကြတာ။ ဒီမှာကပျော်လို့ ကလို့ကောင်းတုန်း။ အဲ့ဘက်ကခြံတွေဆိုရင် ကတုတ်ကျင်းတွေတူးပြီးနေနေကြရတာ။ နောက်ပြီးတော့ ထားဝယ်မြို့က လိမ်အောင်ရွာဘက်မှာလည်း နေ့တိုင်း၊ ညတိုင်းလိုလိုပစ်တယ်၊ ကိုယ့်မြို့အတွက်တော့ စိတ်မကောင်းဖြစ်မိတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အမည်မဖော်လိုသူ ကော့သောင်းမြို့ခံတစ်ဦးကလည်း“ ဒီမှာတော့ နည်းနည်းဆိုးတယ်၊ ကော့သောင်းမြို့ကလူတွေအကျင့်ပျက်နေကြတယ်။ ပျော်ပွဲရွှင်ပွဲတွေ စည်ကားနေကြတယ်။ ဟို့တနေ့ကဆိုဘုရားပွဲနေ့ ၇ မိုင်ကျေးရွာမှာ ဂန်ဒူးပွဲ(လိင်တူချစ်သူကပွဲ)လူတွေတိုးလို့ ကားတောင်မောင်း မရဘူး။ တနင်္ဂနွေညက ဘန်းကချွန်ဘက်မှာ အကနဲ့ တော်တော်အကျင့်ပျက်လာကြတယ်”ဟု ပြောသည်။
ကော့သောင်းမြို့တွင် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်ခံသူများ ဦးဆောင်၍ ယခုလို ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်ကျင်းပနေသကဲ့သို့ ကရင်ပြည်နယ် ဖားအံမြို့နှင့် ၊ မွန်ပြည်နယ် ကျေးရွာများဘက်တွင်လည်း အလားတူ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကျင်းပလျက်ရှိသည်ဟု သိရသည်။



















